The Engaging Leader
မိမိလုပ်ငန်း အတွက် အားကိုးရမဲ့ ခေါင်းဆောင်ကောင်းတွေကို သေသေချာချာ ထိန်းသိမ်းထားနိုင်စေရန် စည်းမျဉ်း (8 ) ချက်၊
လူတိုင်း အလုပ်ရှင် ဖြစ်ချင်ကြပါတယ်..။ ဒါပေမယ့် လူတိုင်း အလုပ်ရှင် မဖြစ်ကြပါဘူး..။ အလုပ်ရှင် ဖြစ်ခြင်း မဖြစ်ခြင်းထက် စား ဝတ် နေရေးက ပိုအရေးကြီးပါတယ်..။ အလုပ်ရှင်ဖြစ်ဖို့ထက်
နေ့တဓူဝ ဖြေရှင်းနေရတဲ့ စားဝတ်နေရေးက အရေးကြီးလေတော့ အလုပ်လုပ်ကြရတာ
ပေါ့ဗျာ..။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ လူဦးရေ သန်းပေါင်း ခုနစ်ထောင်ကျော်မှာ အလုပ်ရှင်နဲ့ အလုပ်သမား ဘယ်အုပ်စုက များမှာပါလိမ့်..။
အင်မတန် ရိုးစင်းတဲ့ အဖြေတစ်ခုရမှာပါ..။ အဲဒါ အလုပ်သမားပါပဲ..။
၂၀၁၃ ခုနှစ်က လုပ်ခဲ့တဲ့သုတေသန စစ်တမ်းတွေ က ရတဲ့ အဖြေတစ်ခုက ကမ္ဘာပေါ်မှာ အလုပ်လုပ်နိုင်တဲ့ အရွယ်ရောက်ပြီးသူ ၁.၃ ဘီလီယံ (သန်းပေါင်း တစ်ထောင့်သုံးရာ) ဟာ “ယာယီ” မဟုတ်တဲ့ “တည်မြဲ” အလုပ်တွေကို လုပ်ကြပါသတဲ့..။ အဲဒီ အရေအတွက်ဟာ တစ်ကမ္ဘာလုံး အလုပ်လုပ်နိုင်တဲ့ သူ စုစုပေါင်းရဲ့ လေးပုံတစ်ပုံဖြစ်တယ်လို့ သိရပါတယ်..။
ဒါဟာ Gallup ရဲ့ P2P (Payroll to Population) rate အရ တစ်ပတ်ကို အလုပ်ချိန် နာရီ ၃၀ နှုန်း နဲ့ တွက်ချက်ထားတာပါ..။ အဲဒီအဖြေကို ရဖို့အတွက် Gallup ဟာ ၂၀၁၃ ခုနှစ်တုန်းက နိုင်ငံပေါင်း ၁၃၆ နိုင်ငံ မှာ အင်တာဗျူးပေါင်း ၁၃၆၀၀၀ ကျော် လုပ်ခဲ့ပြီး တွက်ချက် အဖြေထုတ် ဆန်းစစ်ခဲ့တာပါ..။ အဲဒီ သုတေသန ထဲမှာ အချမ်းသာဆုံး တိုင်းပြည်.. GDP အမြင့်ဆုံး တိုင်းပြည်တွေ ပါသလို ဆင်းရဲတဲ့ တိုင်းပြည်တွေလဲပါပါတယ်..။
အဲဒီ ၂၀၁၃ ခုနှစ်မှာပဲ နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် ILO က ထုတ်ပြန်တဲ့ စာရင်းမှာ ကမ္ဘာပေါ်မှာ အလုပ်လုပ်နိုင်တဲ့ အရွယ် ထဲက အလုပ်လက်မဲ့ဦးရေ သန်းပေါင်း ၂၀၀ ရှိတယ် လို့ဖေါ်ပြထားပါတယ်..။ အဲဒီ အထဲမှာ စိတ်ဝင်စားစရာ ကောင်းတာက ဖွံ့ဖြိုးဆဲနိုင်ငံတွေ
(ပါကစ္စတန်.. တရုတ် နဲ့ ထိုင်း) မှာ အလုပ်လက်မဲ့ အရေအတွက်ဟာ နည်းနေပြီး
ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေ ဖြစ်ကြတဲ့ အမေရိကန် တို့ ပြင်သစ်တို့မှာ
အလုပ်လက်မဲ့အရေအတွက် ဟာ များနေတာပါပဲ..။ နှိုင်းယှဉ်ကြည့်တဲ့ အခါ ပါကစ္စတန်မှာ အလုပ်လက်မဲ့ ၆.၀% တရုတ်မှာ ၄.၁% ထိုင်းမှာ ၁.၂% အသီးသီးရှိကြပြီး အမေရိကန် မှာ ၆.၂% နဲ့ပြင်သစ်မှာ ၁၀.၁% ရှိနေတာ တွေ့ရပါတယ်..။
(http://www.gallup.com/poll/174791/billion-worldwide-employed-full-time-employer.aspx)
မြန်မာနိုင်ငံရဲ့ စစ်တမ်းများ အရ ထုတ်ပြန်ထားတာကတော့
၂၀၁၃ ခုနှစ်မှာ အလုပ်လက်မဲ့ ရာခိုင်နှုန်း ၄.၂% ဖြစ်တယ်လို့ သိရပါတယ်..။ ဒီ
စာရင်းဟာ ဘယ်လောက်အထိ မှန်ကန် တိကျမယ် ဆိုတာ မပြောနိုင်ပေမယ့်.. ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့နေမြင်နေရတာကတော့ အလုပ်လက်မဲ့တွေ တော်တော် များနေတာ တွေ့ရပါတယ်..။ အလုပ်လုပ်ဖို့ အကောင်းဆုံး အရွယ်တွေ လဘက်ရည်ဆိုင်တွေမှာ ထိုင်နေတာ တွေ့ရတာဟာ အလုပ်မရှိခြင်းကို တိုင်းတာတဲ့ ပေတံပါပဲ..။ နောက်ထပ်ပေတံတစ်ခုက ဒုစရိုက်မှု ထူပြောလာခြင်းပါ..။ အလုပ်သာ မရှိတာ စားဖို့ ဝတ်ဖို့ နေဖို့ က လိုတယ်လေ.. ဒီတော့ လွယ်လွယ်ကူကူ ခိုး ဆိုး နှိုက် လု ဆိုတာတွေ ဖြစ်လာတာပေါ့..။
တကယ်တော့ မြန်မာနိုင်ငံမှာ အလုပ်အကိုင် ရှားပါးနေတာ မဟုတ်ပါဘူး.. အလုပ်လုပ်မယ့်သူ ရှားပါးနေတာပါ..။ အလုပ်တစ်ခုကို ကျွမ်းကျွမ်းကျင်ကျင်
မလုပ်တတ် တာရယ်..။ အလုပ်မလုပ်လဲ စားနေရတာပဲ.. ဆိုတဲ့ အသိရယ်..။
အလုပ်လုပ်ရပြီး ရတဲ့ ပိုက်ဆံက နည်းတယ် မတန်ဘူး ဆိုတဲ့ အတွေးရယ်..။
အလုပ်ရှင်တွေက သဘောမကောင်းဘူး.. ဆိုတဲ့ ခံယူချက်ရယ်..။ မရှိလို့ လုပ်စားတာ ဖြေးဖြေးပေါ့ ဆိုတဲ့ အယူအဆ ရယ် .. ။ ဒီအလုပ် အဆင်မပြေရင် နောက်တစ်ခုပြောင်းတာပေါ့ ဆိုတဲ့ စိတ်နေစိတ်ထားရယ် ဆိုတာတွေက အလုပ်အကိုင်ကို ရှားပါးစေတာပါ.။
ပညာသင်ယူမှုမှာ အားနည်းခဲ့ကြတယ်..။ ကိုယ်ရလာတဲ့ ဘွဲ့လက်မှတ် တစ်စောင်ဟာ တစ်ကမ္ဘာလုံးက ပညာရေးသမားတွေ ပြောကြသလို Key of the door လို့ နားလည်ထားကြတယ်..။
တကယ်တန်း ကိုယ်ဘာမှ မသိခဲ့ မတတ်ခဲ့တာကို မယုံကြည်ဘူး..။ အလုပ်လုပ်တဲ့ အခါ
အလုပ်ခွင်မှာ သင်ယူရတဲ့ ပညာရပ်တွေကို ငါဘွဲ့ရပဲ ဆိုပြီး မသင်ယူချင်တော့ဘူး..။ အဆိုးဆုံးက အလုပ်လုပ်ပြီး ၆လ လောက် တစ်နှစ်လောက် အတွင်းမှာ ဒီအလုပ်နဲ့ ငါနဲ့ မတန်တော့ဘူး. ဒိထက်လစာပိုကောင်းတာ ရှာတော့မယ် ဆိုပြီး ပြောင်းချင်စိတ် ဖြစ်လာတာပါပဲ..။
အဲဒီစိတ်မျိုး အရှေ့တောင်အာရှမှာ အများဆုံး ရှိတဲ့ နိုင်ငံဟာ ထိုင်းနိုင်ငံဖြစ်တယ်..။ ထိုင်းလူမျိုးတွေဟာ အလုပ်အကိုင် အခွင့်အလန်း ပေါတဲ့ အတွက် ခဏခဏ ပြောင်းလေ့ရှိကြတယ်..။ ပြောင်းလိုက်တိုင်းလဲ ပိုကောင်းတဲ့ လစာ ရကြတယ်..။ ဒါကြောင့်ပြောင်းတာ..။ ကိုယ့်ဆီမှာတော့ အဲဒီ လောက် အလုပ်အကိုင် မပေါဘူး..။ မပေါတဲ့ အပြင် အလုပ်ရှင်ကိုယ်တိုင်က လုပ်ငန်းကို ဦးစီးလေ့ရှိကြတယ်..။ တိုက်ရိုက် ဆက်ဆံ ထိတွေ့ရတဲ့ အတွက် အလုပ်ရှင်နဲ့ အလုပ်သမား ပြသနာ ပိုပြီး ဖြစ်လွယ်တယ်..။ ဒီလိုနဲ့ပဲ ခေါင်းဆောင်ပိုင်းတွေ ပြောင်းကြတယ်..။
ဆရာစွဲ တပည့်စွဲ ရှိတဲ့ Stereotype အမျိုးအစား ဖြစ်တဲ့အတွက် ထွက်ရင် အုပ်စုလိုက် ထွက်ကြတယ်..။ ဆရာတွေကတော့ အလုပ်ရလွယ်တာမို့ သူက အရင် နေရာတစ်ခုမှာ ဝင်သွားတယ်..။ ပြီးတော့ အဲဒီနေရာမှာ နဂိုရှိပြီးသား ငယ်သားတွေကို စိတ်ဆင်းရဲအောင် ထွက်သွားအောင် လုပ်တယ်..။ သူလုပ်လို့ ထွက်ကုန်ကြပြီ ဆိုရင် သူအုပ်စုဖွဲ့ထားတဲ့ သူ့လူတွေကို တစ်ယောက်ချင်းခေါ်သွင်းတယ်..။ ပြီးတော့ အင်အားတောင့်လာတဲ့ အခါမှာ သူက အဖွဲ့အစည်း နဲ့ အလုပ်ရှင်ကို ကြိုးကိုင်ဖို့ ကြိုးစားတော့တယ်..။ ပြီးတော့လဲ ကြာရှည်မနေပါဘူး..။ သူလိုချင်တဲ့ အခွင့်အရေးတွေ တစ်ခုပြီးတစ်ခု တောင်းတယ်..။ မရတဲ့ အခါ ထွက်မယ် ဆိုပြီး နောက်တစ်နေရာကို အလုပ်လျှောက်ပြီး ပြောင်းသွားရော..။ ဒါကြောင့် မြန်မာ့ အလုပ်သမား ဈေးကွက်က မတည်မငြိမ်ဖြစ်နေတာ..။ အဲဒီဈေးကွက် တည်ငြိမ်ဖို့ ဘာလုပ်ရမလဲ ဆိုတာ အလုပ်ရှင်တွေ သိပ်သိချင်ကြပါတယ်..။ နည်းလမ်း ရှိပါတယ်..။ Issue တွေကို ပြောပြပြီးရင် Solution ကိုလဲ ပြောမှ ဖြစ်မှာပေါ့..။
၁။ အလုပ်ကို ဦးဆောင် တာဝန်ယူရမယ့် သူကို ရှာတဲ့ အခါမှာ စိတ်ရှည်ပါ..။
၂။ လိုအပ်တဲ့ အရည်အချင်းပြည့်သူ လေ့ကျင့်သားပြည့်သူ စိတ်ထား ကောင်းမွန်သူကို တွေ့ရင် လဲ သူ့ရဲ့ နောက်ကြောင်းကို စုံစမ်းစစ်ဆေးပါ..။ (သူလာခဲ့တဲ့ နေရာဟာ ကိုယ့်ပြိုင်ဖက် ဖြစ်နေပါစေ.. မေးဖို့ ဝန်မလေးပါနဲ့)
၃။ တာဝန်ကို တိတိကျကျ သတ်မှတ်ပြီးရင် ထိုက်တန်တဲ့ လစာ ချီးမြှင့်ပါ..။
၎။ ဒီနေ့ခေတ်မှာ လစာပေးထားတာပဲ ဆိုတာ တစ်ခုထဲနဲ့ ဘယ်မှာမှ မလုံလောက်တော့
ပါဘူး..။ Package လို့ ခေါ်တဲ့ လစာ (Salary) နဲ့ အကျိုးခံစားခွင့် (Benefit) ကို ပါ ကမ်းလှမ်းပေးအပ်ရမှာဖြစ်ပါတယ်..။
ဥပမာ.. နေစရာ.. စီးစရာ.. ကျန်းမာရေး စောင့်ရှောက်မှု .. အသက်အာမခံ စတာတွေ
ဟာ ဦးဆောင်သူတွေ အတွက် ဂုဏ်သိက္ခာ ဖြစ်ပါတယ်..။ အဲဒါကို ငွေနဲ့ In cash
ပေးစရာ မလိုပါဘူး.. In kind ခံစားခွင့် ပေးလို့ ရပါတယ်..။ (ဥပမာ.. သူ့အတွက်
စားစရိတ်ကို ငွေသားနဲ့ ပေးမယ့် အစား စားသောက်ခွင့် ပေးတာမျိုး..။
ခရီးစရိတ် ကို ငွေသားနဲ့ပေးမယ့် အစား ဋ္ဌာနပိုင်ကားကို သုံးခွင့်ပေးတာမျိုး ခရီးသွားဖို့ လက်မှတ်ဝယ်ပေးတာမျိုး)
၅။ တခါတလေမှာ အဲဒီ အကျိုးခံစားခွင့် Benefit ဟာ လစာ Salary ကို ကျော်လွန် နေလေ့ရှိပါတယ်..။ ဒါဟာ သူ့အတွက် ဂုဏ်သိက္ခာ တစ်ခုပါ..။
၆။ လုပ်ငန်း ဦးဆောင် ရတဲ့ ခေါင်းဆောင် ခန့်ထားပြီးရင် သူ့အတွက် အနည်းဆုံး
တစ်နှစ်ကို တစ်ကြိမ် ဆယ်ရက်လောက် R&R (Rest and Relaxation)
သွားနိုင်အောင် ခွင့်ပေးပါ..။
၇။ တခြား အပိုအခွင့်အရေးတွေ ဖြစ်တဲ့ ဘောနပ်စ် လို Incentive ကို စို့စို့ပို့ပို့ ပေးပါ..။ အဲဒီလိုပေးတဲ့ အခါမှာလဲ သူ့ကို ဘာကြောင့်ပေးတယ် ဆိုတာကို သူ့ရဲ့ ဆောင်ရွက်ချက် ဂုဏ်ပုဒ်တွေကို ဖေါ်ပြပြီး ထိုက်ထိုက်တန်တန် လှိုက်လှိုက်လှဲလှဲ ချီးမြှင့်ပေးပါ.. အပေါ်ယံ မဖြစ်ပါစေနဲ့..။
၈။ နောက်ဆုံး အချက်ကတော့ အရေးအကြီးဆုံးပါပဲ..။
ကိုယ်ရွေးထား ခန့်ထားတဲ့ ခေါင်းဆောင်ကို ပြည်တွင်းပြည်ပ သင်တန်းတွေ
Conference တွေ Seminar တွေ Workshop တွေ ကို ကုမ္ပဏီစရိတ်နဲ့
တက်ခွင့်ပေးပါ။ အဲဒီလို လေ့လာ သင်ယူစေတဲ့ အခါမှာ Engaging Leader ဆိုတာကို
နားလည်တတ်မြောက်လာပါလိမ့်မယ်..။ အဲဒီလို တတ်မြောက်လာရင် အဲဒီခေါင်းဆောင်တွေ ကိုယ်တိုင် တလေးတစား လိုက်နာလာပါလိမ့်မယ်..။ အဲဒါဟာ ကိုယ့်လုပ်ငန်း အတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှု တစ်ခု ဖြစ်ကြောင်း လှိုက်လှိုက်လှဲလှဲ လက်ခံထားပါ..။
ဒီ အချက်(၈)ခုကို သေသေချာချာ လိုက်နာမယ် ဆိုရင် ကိုယ့်အလုပ်အတွက် အားကိုးရမယ့်
ခေါင်းဆောင်ကောင်းတွေကို သေသေချာချာ ထိန်းသိမ်းထားနိုင်မှာပါ..။
ထွက်သွားတော့မှ မကောင်းပြောတာမျိုး..
ငကန်းသေရင် ငစွေလာလိမ့်မယ် ဆိုတာမျိုးက တော့ ဘယ်သူ့ဆီမှာမှ မရှိသင့်တော့
ပါဘူး..။ အကောင်းဆုံး ဖြစ်ချင်ရင် အကောင်းဆုံး နည်းလမ်း တွေကို
ရွေးချယ်ရပါမယ်..။
- ချစ်ခင်စွာဖြင့်
- ကောင်းလွန်း (၄.၁၂.၂၀၁၆
Koung Loon
https://m.facebook.com/koungloon
No comments:
Post a Comment