Monday, July 25, 2016

နိုင်ငံတစ်နိုင်ငံအတွက် အလိုအပ်ဆုံးအရာ "နိုင်ငံ့ချစ်စိတ်"




တနေ့မှာ တရုတ်ပညာရှင်ကြီး ကွန်ဖြူးရှပ်စ်ကို သူ့တပည့်ရင်း ဇီဂေါင်းက "နိုင်ငံတစ်နိုင်ငံဟာ သူ့ဖါသာ သူ အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်နဲ့ ရပ်တည်နိုင်ဖို့ ဘာတွေလိုအပ်ပါသလဲ"လို့ မေးလိုက်တယ်။
ကွန်ဖြူးရှပ်စ်က ခုလို ပြန်ဖြေတယ်။



"နံပါတ် (၁) - နိုင်ငံတော်ကို အင်အားတောင့်တင်းတဲ့ စစ်တပ်ဆိုတာ ရှိရမယ်"
"နံပါတ် (၂) - စားရေရိက္ခာပေါများ ဖူလုံရမယ်"
"နံပါတ် (၃) - ပြည်သူလူထုမှာ နိုင်ငံ့ချစ်စိတ်ရှိရမယ်"

သူသိချင်တာကို အမြဲကတ်သီးကတ်သတ်မေးလေ့ ရှိတဲ့ဇီဂေါင်းက ခုလိုမေးခွန်းထပ်မေးလိုက်ပြန်တယ်။

ဇီဂေါင်း - "လိုအပ်တာ ၃ ခုဆိုတော့ များလွန်းတယ် ဆရာ။ အဲဒီအထဲက တစ်ခုကို မလိုဘူးဆိုပြီး ဖြုတ်ပစ်ရမယ်ဆိုရင် ဆရာ ဘယ်ဟာကို ဖြုတ်လိုက်မလဲ"

ကွန်ဖြူးရှပ်စ် - "စစ်တပ်ကို ဖြုတ်ပစ်မယ်ကွာ။ ပြည်သူလူထုက နိုင်ငံတော်ကို ကာကွယ်လို့ ရတယ်"

ဇီဂေါင်း - "ကျန်တဲ့ ၂ ခုဖြစ်ကြတဲ့ စားရေရိက္ခာနဲ့ နိုင်ငံ့ချစ်စိတ် ၂ ခုထဲက တစ်ခုကို ထပ်ဖြုတ်ရမယ်ဆိုရင်ရော ဘယ်ဟာကို ဖြုတ်မှာလဲ ဆရာ"

ကွန်ဖြူးရှပ်စ် - "စားရေရိက္ခာတွေကို ဖြုတ်ပစ်မယ်ကွာ။ လူဆိုတာ အစာမစားပဲ ရက်ပေါင်းများစွာ အသက်ရှင်နိုင်တယ်။ ပြည်သူတွေဟာ အစားမစားပဲ နိုင်ငံ့ကို အသက်ပေးသွားကြမှာပါ"
သူက ဆက်ပြောပြတယ်။ 

"အဲဒီ ၂ ခု မရှိပဲ နိုင်ငံဟာ ဆက်လက်ရပ်တည်နိုင်တယ်။ အခက်အခဲတွေ အများကြီး ရှိမှာပေါ့။ အေး၊ ဒါပေမဲ့ အင်မတန် စစ်အင်အားတောင့်တင်းပြီး စီးပွားရေးဖူလုံတဲ့ နိုင်ငံမှာ ပြည်သူလူထုဟာ နိုင်ငံအပေါ် ချစ်စိတ်မရှိရင် အဲဒီနိုင်ငံဟာ မကြာခင် ပြိုကွဲသွားလိမ့်မယ်။ နိုင်ငံအပေါ် သစ္စာဖေါက်ကြမယ်။ နိုင်ငံမှာ အရေးကြုံလာတဲ့အခါ နိုင်ငံကို မကာကွယ်ပဲ နိုင်ငံတော်ကို စွန့်ခွာထွက်သွားကြလိမ့်မယ်"

ခရစ်တော် မပေါ်ခင် နှစ်ပေါင်း ၅၀၀ (551- 479BC) က တရုတ်အတွေးအခေါ်ပညာရှင်ကြီး ကွန်ဖြူးရှပ်စ်ရဲ့ အတွေးပါ။ မှန်တယ် မမှန်ဘူးဆိုတာတော့ ကိုယ့်ဖါသာ စဉ်းစားတွေးတောကြည့်ပါ။
မှတ်ချက်။ Yu Dan ရေးတဲ့ "Confucius from the Heart" စာအုပ်ထဲက စာသားလေးပါ။





ဗန်းမော်သိန်းဖေ / ၂၆-၀၇-၂၀၁၆  / https://www.facebook.com/thein.pe.3



No comments:

Post a Comment