ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Tuesday, September 9, 2014

ခင်ရာဆွေမျိုး၊ မြိန်ရာဟင်းကောင်းနှင့် နွားချင်း( နွား သားအိမ် )



ခင်ရာ ဆွေမျိုး၊ မြိန်ရာဟင်းကောင်းနှင့် နွားချင်း( နွား သားအိမ် )

=========================================

နွားမတွေသားမွေးတဲ့အခါ နွားသားပေါက်နဲ့အတူထွက်ရှိလာတဲ့ နွားအချင်းကိုလူတွေကစွပ်ပြုပ်လုပ်သောက်လေ့ရှိတယ်လို့ ပြောရင် နွားမွေးမြူရေးနဲ့သိပ်မနီးစပ်တဲ့သူနဲ့ နွားကိုတစ်နိုင်တစ်ပိုင်မမွေးမြူဖူးတဲ့သူတွေကတော့ကြားရတာနဲ့နှာခေါင်းရှုံ့ကြမယ်ထင်ပါတယ်။ နောက်ပြီးရှာရှာဖွေဖွေအစားအသောက်ပက်စက်တယ်လို့လည်း ပြေကြလေမလားဘဲ။

ဘယ်လိုဘဲ ပြောပြောအဲဒီနွားချင်းစွပ်ပြုတ်ဟာ တော်တော်အရသာကောင်းတဲ့စွပ်ပြုပ်တစ်မျိုးဖြစ်တယ်ဆိုတာကိုတော့စားဖူးတဲ့သူမှပဲသိမှာပါ။

ကျတော်တို့ငယ်ငယ်အိမ်မှာ နွားမမွေးခင်ကအိမ်နီးချင်းနွားပိုင်ရှင်အိမ်တွေမှာ နွားမကြီးက နွားကလေးမွးပြီဆိုရင်ကျတော်တို့အိမ်ကို နွားချင်းစွပ်ပြုပ်တွေလာပို့ပေးလေ့ရှိပါတယ်။

လာပို့တဲ့သူကလည်းရှားရှားပါးပါးစားခွင့်ကြုံစေချင်တဲ့ စေတနာနဲ့စားအသောက် ကောင်းတစ်ခုကိုမျက်နှာလုပ်ပြီးလာပို့တာမျိုးဖြစ်ပါတယ်။အဲဒီအခါမျိုးမှာကျတော်တို့မိသားစုတစ်စုလုံးက နွားချင်းစွပ်ပြုပ်ကို တော်တော်ကိုကြိုက်ကြတယ်ဆိုတော့အိမ်ရှိလူစေ့စားရအောင်နည်းနည်းလေးစီမျှဝေပြီးစားသောက်လေ့ရှိပါတယ်။

တော်တော်ကိုကောင်းတဲ့ စွပ်ပြုတ်တစ်မျိုးပါ ။ ၀က်ခြေတောက်စွပ်ပြုပ်တို့ ဆိပ်ပုဆိုးကြမ်း စွပ်ပြုပ်တို့ နဲ့ဆို နှိုင်းလို့ မရအောင်ကိုကောင်းတာ..။

ကျတော်တို့အိမ်မှာ နွားမွေးပြီးနောက်မှာတော့အိမ်က နွားမမှာကိုယ်ဝန်ရလာပြီဆိုရင်ကိုယ်ဝန်သည်နွားမကြီးရဲနို့ကိုမကြာခဏညှစ်ညှစ်ပြီးတော့ မွေးမယ့်အချိန်ကိုမှန်းမှန်းပြီး စောင့်မျော်ရပါတယ်။ညှစ်လိုက်တဲ့ နွားနို့က ညောင်စေးလို စေးပြစ်ပြစ်ကလေးဆိုရင် မွေးဖို့ တော်တော်ကြာအုံးမယ်။တကယ်လို့နို့အုံတစ်ခုလုံးတင်းပြီးနို့ဦးရည်တွေပန်းထွက်လာရင်တော့ မွေးဖို့သိပ်မလိုတော့ဘူးတဲ့။

လူကြီးတွေ ပြောတဲ့စကားတွေကိုမှတ်သားပြီးလိုက်လုပ်ရတာပါ။ နွားကလေးမွေးလာပြီဆိုရင် မွေးပြီးတာနဲ့ ပြီးချင်းနို့ဦးရည်ကိုညှစ်ပါတယ်။အဲဒီတုန်းက နွားမကြီးရဲ့နို့ဦးရည်ဟာ မွေးလာတဲ့ နွားသားပေါက်လေးအတွက် တော်တော်အဟာရဖြစ်စေတယ်ဆိုတာကိုလည်းမသိသေးပါဘူး။အဲဒီနို့ဦးရည်( နွားနို့ပုပ်)ကလည်းပေါင်းစားလို့အရမ်းကိုအရသာရှိပါတယ်။ နွားကလေးအမိဝမ်းကနေကျွတ်ပြီးအတူတွဲပါလာတဲ့ နွားချင်းကအပြင်ထွက်လာပေမယ့်တစ်ခါတည်းပြုတ်ကျသွားတာမျိုးမဟုတ်ပါဘူးအနည်းဆုံး2နာရီလောက်ကြာလေ့၇ှိပါတယ်။တစ်ခါတစ်လေ နေ့တစ်ဝက်လောက်တောင်ကြာသွားတတ်သေးတယ်။ နွားမကြီးရဲ့မွေးလမ်းကြောင်းမှာတန်းလန်းကြီးကျန်နေခဲ့တဲ့နွားချင်းဟာလူလစ်တုန်း ပြုတ်ကျသွားခဲ့ရင် နွားမကြီးကသူ့အချင်းကိုသူပြန်စားလိုက်ကြတယ်။အဲဒီလိုဆိုရင် နွားကလေး မွေးမှတစ်ခါစားခွင့်ကြုံလေ့ရှိတဲ့နွားချင်းစွပ်ပြုတ်နဲ့ ဝေးရတော့တာဘဲ။ဒါကြောင့်မို့နွားကလေးမွေးပြီးတာနဲ့ နွားပိုင်ရှင်တွေဟာ နွားမကြီးကိုမျက်ခြေအပြတ်မခံဘဲ စောင့်ကြည့်နေလေ့ရှိပါတယ်။

နွားမကြီးရဲ့မွေးလမ်းကြောင်းကနေကျွတ်ထွက်လာတဲ့ နွားအချင်းကို ရေနဲ့ သေချာစွာဆေးကျောသုတ်သင်ပြီးငရုတ်ကောင်း၊ ရှောက်ရွက်နဲ့တခြားဒေသထွက်အမွှေးနံထွက်စေတဲ့သစ်ရွက်တွေကိုထည့်ပြီးပြုပ်လိုက်ရင်တော့ကျတော်တို့ကြိုက်နှစ်သက်လှတဲ့ နွားအချင်းစွပ်ပြုပ်ရလာပါပြီ။

နွားအချင်းမှာချွဲအိအိအသားတွေပါသလို(မနိုင်းကောင်းနိုင်းကောင်း)ပိတ်စအပေါ်မှာပန်းပွင့်ဒီဇိုင်းဖော်ထားသလိုအပွင့် လေးတွေပါပါသေးတယ်။အဲဒီအပွင့်ကတော့အရသာအကောင်းဆုံးပါဘဲ။လူကြီးတွေ ပြောစကားအရ နွားမကြီးသားမွေးတဲ့အချိန်လဆန်းလဆုတ်အချိန်အခါပေါ်မူတည်ပြီးတော့ နွားအချင်းမှာပါတဲ့အပွင့်အကြီးအသေးကွာသေးတာတဲ့။

အဲဒီလို နွားချင်းစွပ်ပြုပ်ကိုအသေလဲကြိုက်တဲ့ကျတော်ဟာတစ်နေ့(ကျတော်တို့အိမ်မှာ နွားမမွေးခင်)အိမ်နားက နွားမကြီးတစ်ကောင် နွားသားလေးမွေးတာကိုသွားကြည့်မိတဲ့အခါမှာတော့....တို့စားနေတဲ့ နွားအချင်းဆိုတာ နွားကလေးအမိဝမ်းကနေကျွတ်ပြီးနောက် နွားမကြီးရဲ့ မွေးလမ်းကြောင်းမှာ သွေးသံရဲရဲနဲ့တန်းလန်းကြီးကျန်နေသးတဲ့ဟာကြီးပါလား..ဆိုပြီးသိသွားတော့အဲဒီနွားချက်စွပ်ပြုပ်ကိုဘယ်လိုမှစားချင်စိတ်မရှိတော့ဘူး။ဒါပေမယ့်လည်းသိပ်မကြာလိုက်ပါဘူးကျန်တဲ့အိမ်သားတွေစားနေတုန်း မွေးနံ့လေးတွေရနေတော့မနေနိုင်ဘဲ ပြန်စားမိသွားတော့တာအခုထိပါဘဲ...။

အဲ.....အခုထိဆိုတာမဟုတ်ပါဘူး။ကျတော်တို့အဲဒီ နွားချင်းစွပ်ပြုပ်ကိုမစားခဲ့ရတာ10နှစ်တောင်မကတော့ဘူးဘဲ။ရွာမှာတစ်နိုင်တစ်ပိုင် နွားမွေးမြူတာတွေတစ်စစ ပျောက်ကွယ်ကုန်တော့ နွားချင်းစွပ်ပြုပ်မပြောနဲ့နွားနို့တောင် တော်တော်ရှားနေပါပြီ။အခုလက်ရှိအသက်20၀န်းကျင်အရွယ်ရှိတဲ့ကျတော်တို့ ဒေသကလူငယ်လေးတွေဟာ နွားချင်းစွပ်ပြုပ်ကိုစားဖူးတော့မှာမဟုတ်ပါဘူး။||


ဒီပိုစ့်ကိုရေးမိတာကလည်းတခြားဘာအကြောင်းထွေထွေထူးထူးတော့မရှိပါဘူး။ကျွန်တော်တို့ငယ်ငယ်က..စားခဲ့ဖူးတဲ့၊အဲဒီတုန်းကတောင်မှရှားရှားပါးပါးစားခဲ့ရတဲ့ နွားချင်းစွပ်ပြုပ်(ကျတော်တို့ ဒေသအခေါ် နွားချွတ်အူ၊ နွားချွတ်ဝီ)ရဲ့အရသာ လေးကိုသတိရမိနေသေးလို့ ရေးဖြစ်တာပါ


Yannaung Soe


No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်