ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Monday, September 8, 2014

ကွမ်းလုံ ရက်(၄၀)တိုက်ပွဲကြီး အကြောင်း

မြန်မာ့ တပ်မတော်သားများ တိုက်ပွဲဝင်နေစဉ် ( ကွမ်းလုံ ရက်(၄၀)ကြာ တိုက်ပွဲ )

ကွမ်းလုံ ရက်(၄၀)တိုက်ပွဲကြီး အကြောင်း တစေ့တစောင်း  အောက်မှာ ဆက်လက်ဖတ်ရှုပါ ။ 





ကွမ်းလုံ ရက်(၄၀)ကြာ တိုက်ပွဲသည် နိုင်ငံတော် ၏ နယ်မြေ တည်တံ့မူ့ နှင့် အချုပ်အခြာ အာဏာ ပိုင်ဆိုင်မူ့ကို ခြိမ်းခြောက်လာသည့် ဗမာပြည်ကွန်မြူနစ်ပါတီတပ်များ ကို တပ်မတော်က ကျားကုတ်ကျားခဲ ဖြင့် အသက်ပေါင်းများစွာပေးဆပ်တိုက်ပွဲဝင်ခဲ့ရသော သမိုင်းဝင် တိုက်ပွဲကြီး တစ်ခု ဖြစ်ပါသည်။

ဗမာပြည်ကွန်မြူနစ်ပါတီ အနေဖြင့် ၁၉၇၁ ခုနှစ်အတွင်း ချမှတ်ခဲ့သောနိုင်ငံရေး ၊ စစ်ရေး ရည်မှန်းချက်များ ဖြစ်သည့် “ ကွမ်းလုံမြို့ ” ကို သိမ်းပိုက်ပြီး ကိုးကန့် နှင့် “ ၀ “ နယ်မြေများကို ချဲ့ထွင် သိမ်းယူကာ
သံလွင်မြစ် အနောက်ဘက်ခြမ်း ဒေသ အား “ လွတ်မြောက်သော နယ်မြေ ”အဖြစ်မရမနေတည်ဆောက်ရန် ဖြစ်သည်။

ထို့ပြင် ကမ္ဘာသို့ ကြေညာပြီး “ကမ္ဘာ့ကွန်မြူနစ် နိုင်ငံများမှ တရားဝင် အကူအညီများ ရယူရန် ” ဟူသော
ရည်မှန်းချက် ကို အကောင်အထည်ဖော်ရန် စိုင်းပြင်း လာကြခြင်း လည်း ဖြစ်သည်။

ထို ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် (ဗကပ) တို့သည် ၁၉၇၁ခုနှစ် ၊ နိုဝင်ဘာလ(၁၃)ရက်နေ့မှ စ၍ စုဖွဲ့ လှုပ်ရှားခဲ့ကြရာ သံလွင်မြစ် အရှေ့ဖက်ခြမ်း ဒေသ တွင် ဗကပ တပ်ရင်း (၃၀၃၅) ၊ (၄၀၄၅) ၊(၄၀၄၆)၊(၄၀၄၈)နှင့် လက်အောက်ခံ “ ၀ ”တပ်ရင်းများအပါအ၀င် အင်အား ၂၀၀၀ ကျော်ခန့်ဖြင့် လည်းကောင်း သံလွင်မြစ် အနောက်ဖက်ခြမ်း ဒေသ တွင် ဗကပ တပ်ရင်း (၃၀၃၁)(၃၀၃၇) နှင့် မုန်းပေါ် နမ့်တောင်းဒေသ ရှိ “ ၀ “တပ်ရင်းများအပါအ၀င် အင်အား ၁၀၀၀ ကျော်ဖြင့် စုဖွဲ့ ခဲ့ကြသည်...........
(ထို့ပြင် တရုတ် ပြည်မှ အပျော်တမ်း တပ်ဖွဲ့များလည်း ပါဝင်သည် ဟု မှတ်သား ရ ဖူးသည်)

ထို့ပြင် တစ်ဖက်နိုင်ငံ(တရုတ်)မှ ကွပ်ကဲမူ့ အဖွဲ့ ၊ လက်နက်ကြီး အဖွဲ့ အပါအ၀င်
၃၆၃ ယောက်နှင့် အမျိုးသမီး ၂၀၀ ခန့် ၊ ၁၄ ဒသမ ၅ စက်သေနတ်ကြီး (၇)လက်လည်း
ပါဝင် အားဖြည့် ထားသည်။
((အခြားစစ်သမိုင်း ပညာ ရှင်များ အဆိုအရ တရုတ်စစ်အကြံပေး အဖွဲ့များတွင် ဗီယက်နမ် မှ
ပြင်သစ်တို့ ၏ ဒိန်ဘင်ဖူး ခံတပ် ကြီးကို တိုက်ခိုက်ရာတွင် ပါဝင်ခဲ့ကြသူများပင် ပါဝင်သည်ဟု
ဆိုပါသည်...@ Chan Thar))

ဗကပ တို့၏ ထိုးစစ်ကို တပ်မတော်မှ နယ်လှည့်စစ်ဗျူဟာ(၁) နှင့် တပ်ရင်း(၄)ရင်းရှေ့တန်း အမှတ်(၇၇)ခြေမြန်တပ်မ ဌာနချုပ်နှင့် တပ်ရင်း(၅)ရင်းတို့ဖြင့် အပြင်းအထန်ခုခံ တိုက်ခိုက်ခဲ့ကြသည်.....
ထို့ပြင် တပ်မတော် ဘက်မှ ကိုးကန့် ကာကွယ်ရေး တပ်ဖွဲ့များ ၊ ကွမ်းလုံ ရဲတပ်ဖွဲ့ နှင့်
မြို့သူ မြို့သား ပြည်သူများက ပံ့ပိုး ပါဝင်ခဲ့ကြသည်။

ဗကပတို့သည် နိုဝင်ဘာလ၁၉ရက်နေ့တွင်ကွမ်းလုံဒေသအတွင်းသို့အလုံးအရင်းဖြင့်ချီတက်ဝင်ရောက်လာပြီး နိုဝင်ဘာလ ၂၀ ရက်နေ့တွင်“ မန်ခါး ”တိုက်ပွဲကို စတင်ခဲ့ကြသည်.......တပ်မတော်မှ လည်း ကြံ့ကြံ့ခံ ခုခံတွန်းလှန်ရာ အနီးကပ် လှံစွပ်ထိုးတိုက်ပွဲ(၈)ကြိမ်တိတိဖြစ်ပွားသည် အထိ ပြင်းထန်ခဲ့သည်။

ဗကပ တို့သည် ပေ၄၀၀၀ကျော်မြင့်သော တောင်ကြောပေါ်ရှိ “ လွယ်မန်ခါး ”စခန်းကိုနိုဝင်ဘာလ ၂၂ ၊ ၂၅ ၊ ၂၆ ရက်နေ့များတွင် လည်းကောင်း နိုဝင်ဘာလ ၂၆ရက် နေ့တွင်ပင် ပေ ၆၀၀၀ အမြင့်တောင်ကြော ပေါ်ရှိ
“ ရှောင်တီလင်“စခန်းကိုလည်းကောင်းလက်နက်ကြီးပစ်ကူအမြောက်အများရယူကာဆက်လက်တိုက်ခိုက်ခဲ့ကြသည်.........
နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဗကပ တို့သည် “ ဟိုက်ကမ်းပါး ”စခန်းကိုတပ်ရင်း (၃၀၃၅)(၄၀၄၅)အင်အားတို့ဖြင့် ချေမှုန်းရေး တိုက်ပွဲဝင်စေပြီး ကျန်တပ်ရင်း(၂)ရင်းကို စစ်ကူလာနိုင်သော လမ်းများအား ဖြတ်တောက် ပိတ်ဆို့စေခဲ့သည်။
ထို့ပြင်“လွယ်မန်ခါး“ နှင့်“ပညတ်ထန်“ တောင်ကြောပေါ်မှလက်နက်ကြီးများဆင်ကာယင်းတို့၏ ချေမှုန်းရေး တပ်များကို ပစ်ကူပေးခဲ့သည်။

ဗကပတို့၏ ချေမှုန်းရေး တပ်များသည်လည်း အင်အား ၂၀၀ စီပါဝင်သော အသုတ်ငယ်များ ခွဲကာ
တပ်မတော်မှ ပစ်ခတ်နေသည့် အမြောက်ကျည်များ ၊ သုံးလက်မ စိန်ပြောင်းဗုံးသီးများ ၊ လက်နက်ငယ် ကျည်များ နှင့်မိုင်းကွင်းများ ကြားမှ ပင် အတင်းဖြတ်ကျော်ဝင်ရောက် ထိုးစစ် ဆင်ခဲ့ကြသည်။

ဗကပတို့အနေဖြင့်“ဟိုက်ကမ်းပါး”ကိုမရမနေကြိုးစားတိုက်ခိုက်ကြခြင်းမှာ“ဟိုက်ကမ်းပါး“တောင်ကုန်းသည်
ကွမ်းလုံ ကြိုးတံတား နှင့် တပ်မတော် အမြှောက်တပ်စုတောင်ကုန်း တို့ကို စိုးမိုး နေသည့် အပြင် ဟိုက်ကမ်းပါးသည် ကွမ်းလုံ ခံစစ်ကြောင်း၏ အချက်အချာ ခံစစ်ဒေသ ဖြစ်သောကြောင့်
ဖြစ်သည်။

“ ဟိုက်ကမ်းပါး “တောင်ကုန်းကို သိမ်းပိုက်ရရှိခြင်းသည် “ ကွမ်းလုံ “ မြို့ကို ရရှိခြင်းပင် ဖြစ်သည်........

ထို့ကြောင့် ဗကပ တို့သည် ကွမ်းလုံမြို့ ၏ ကာတပ်စခန်းများကို တစ်ခုပြီး တစ်ခု တိုက်ခိုက်သည့် နည်းဗျူဟာကို ကျင့်သုံးပြီး နောက်ဆုံးအဆင့်တွင် “ ဟိုက်ကမ်းပါး “ ကိုအလုံးအရင်းဖြင့် ၀င်ရောက် တိုက်ခိုက်ကြခြင်း ဖြစ်သည်။

ကွမ်းလုံ တိုက်ပွဲသည် ဗကပ တို့အတွက် နိုင်ငံရေး ၊ စစ်ရေး အရ အဆုံးအဖြတ်ပေးမည့် တိုက်ပွဲ ဖြစ်ရာ
ယင်းတို့၏ ရှိသမျှအင်အားကိုအသုံးပြုတိုက်ခိုက်သော ကြောင့်တပ်မတော်မှယာယီဆုတ်ခွာပေးခဲ့ရသည်။

သို့သော်.......တပ်မတော် အနေဖြင့် “ ဟိုက်ကမ်းပါး “ကို ပြန်လည် မသိမ်းပိုက်နိုင်ပါက “ကွမ်းလုံ “ခံစစ်တွင်မည်သို့ မျှ မခံနိုင်ပဲ သံလွင်မြစ် အရှေ့ဖက်ခြမ်းတွင် အသေခံ တိုက်ပွဲဝင်ရန်သာ ရှိကြောင်း
နားလည် ထားပြီး ဖြစ်သည်။

ထို့ကြောင့် တပ်မတော် သည် “ဟိုက်ကမ်းပါး “ ပြန်လည် သိမ်းပိုက်ရရှိရေးအတွက်
သူရဲကောင်း စိတ်ဓာတ်ဖြင့် ဗကပ တပ်များ အတွင်းသို့ တဟုန်ထိုး အသေခံ ၀င်ရောက် တိုက်ခိုက်သည့်အပြင်အမြှောက်လေကွဲ ကျည်များ အပါအ၀င် လက်နက်ကြီး ပစ်ကူများ အသုံးပြု ခဲ့ခြင်းကြောင့် ဗကပ တပ်များကစဥ့်ကလျား ဆုတ်ခွာ ခဲ့ရသည်။

ဤသို့ဖြင့်တပ်မတော် က ဗကပ တို့၏ တိုက်စစ်အဟုန်ကို ရိုက်ချိုးကာ “ဟိုက်ကမ်းပါး”စခန်းကို
ပြန်လည် သိမ်းပိုက် နိုင်ခဲ့သည်။

“ဟိုက်ကမ်းပါး”တိုက်ပွဲသည်စစ်ဆင်ရေး အောင်ပွဲအတွက်ကြီးမားသောအလှည့်အပြောင်းပင်ဖြစ်သည်။

ဗကပ တပ်များ ကစဥ့်ကလျား ပြိုကွဲနေစဉ် တပ်မတော်မှ ထပ်ကြပ် တိုက်စစ်ဆင်မူ့ကြောင့်
ဒီဇင်ဘာလ (၁)ရက်နေ့ ည ၁၂ နာရီ ၁၅ တွင် ဗကပ တို့၏ ပင်မထိုးစစ် စစ်ကြောင်း ဆုတ်ခွာ၍ အရှုံးပေးခဲ့ရပါသည်။

ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် ထိုးစစ်အဟုန် ရပ်တန့် နေပြီ ဖြစ်သော ဗကပ တပ်များကို တန်ပြန်ထိုးစစ်
ဆင်နွဲရာ လွယ်မန်ခါး တောင်ကြော ကို လည်းကောင်းဒီဇင်ဘာလ(၁၈)ရက်နေ့တွင် “ ကောင်းကြဲ “ တိုက်ပွဲကို လည်းကောင်း ဆက်လက် ဆင်နွဲရာ ဗကပ တပ်များ သေဆုံးသည့် အလောင်းများပင် မကောက်နိုင်ဘဲ ဆုတ်ခွာ သွားခဲ့ကြသည်။

ဒီဇင်ဘာလ(၁၈)ရက်နေ့တွင် ဗကပ တပ်များသည် ကွမ်းလုံဒေသ စစ်မျက်နှာ တစ်ခုလုံးမှ
တပြိုင်နက် ထဲ ဆုတ်ခွာ သွားခဲ့ကြရပါတော့သည်။

ထိုတိုက်ပွဲစဉ် တစ်လျှောက်လုံး တွင် တပ်မတော် သည် ရက်ပေါင်း(၄၀)လုံးလုံး မိမိထက် အင်အား(၁၀)ဆ သာလွန်သော ဗကပ တပ်များကို အင်အားနည်းစေကာမူ ရဲဝင့်စွာ တွန်းလှန် ခဲ့ကြသည်။

ထိုတိုက်ပွဲတွင် တပ်မတော်(လေ)မှလည်း ထိရောက်သော ကဏ္ဍ မှ တာဝန်ယူကာ အဆတ်မပြတ် တိုက်ပွဲဝင်၍ခြေလျင် တပ်များ ကို အကူအညီပေး ခဲ့သည်။
ကွမ်းလုံး ရက်(၄၀)ကြာ တိုက်ပွဲသည် ဗမာပြည်ကွန်မြူနစ်ပါတီ ၏ စစ်မာန်ဆွယ်ကို ရိုက်ချိုး လိုက်သည်သာ မက သံလွင်မြစ် အရှေ့ဖက်ခြမ်း စိုးမိုးရေး ဟူသော နိုင်ငံရေး ရည်မှန်းချက် မဟာဗျူဟာ စီမံကိန်းကြီး ကိုလည်း ပိုင်နိုင်စွာ ချေမှုန်းလိုက်သောသမိုင်းဝင် တိုက်ပွဲ ကြီး ဖြစ်ပါသည်။

-၁၉၄၈ မှ ၁၉၈၈ ခုနှစ်အထိ ဖြစ်သန်းလာသော တပ်မတော် သမိုင်း အကျဉ်း
-တပ်မတော် သမိုင်း ပဉ္စမ တွဲ ၁၉၆၂ - ၁၉၄၇ စာမျက်နှာ ၂၀၉

1 comment:

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်