ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Tuesday, May 21, 2013

ဆင်ခြင်တွေးခေါ်နိုင်စွမ်းကို ခတ်ထားသောဘောင်များ နှင့် ၄င်းတို့၏လွမ်းမိုးမူများ

~ Frames of Thinking and its Influences ~

ဆင်ခြင်တွေးခေါ်နိုင်စွမ်းကို ခတ်ထားသောဘောင်များ နှင့် ၄င်းတို့၏လွမ်းမိုးမူများ

တွေးကြလား။ တွေးကြတာပေါ့။ နည်းလမ်းမှန်တာမမှန်တာထား၊ အမှန်ကိုရောက်တာ မရောက်တာထား၊ တွေးကြတာပဲ။ ဘာကြောင့် မတွေးရရင် မနေနိုင်လည်းဆိုတာကော တွေးဖူးလား၊ ကိုယ့်ကိုတွေးခေါ်ခြင်း ဖြစ်စဉ်ထဲကို ရောက်နေစေတဲ့ အကြောင်းတရားတွေက ဘာတွေလည်း တွေးဖူးလား။ ဘာကြောင့်တွေးနေတာလည်း။ ဘာလို့ဒီလိုတွေးနေတာလည်း ဆိုတာတွေးဖူးလား။

တွေးခေါ်နိုင်စွမ်းဟာ ကားတစ်စီးဆိုရင်၊ တွေးခေါ်မူတွေကို ရွေ့ လျားစေတဲ့ လောင်စာနဲ့ ဘယ်ကိုရွေ့ ပါလို့ လမ်းပြနေတဲ့ မြေပုံတွေရှိတယ်။ လူတစ်ယောက်ရဲ့ တွေးခေါ်ဆင်ခြင်ပုံကို ဘောင်ခတ် ပုံသွင်းနေတဲ့ အရာတွေရှိတယ်။ Thinking Frames တွေပေါ့။

- Culture - ယဉ်ကျေးမူ
လူတစ်ယောက်ရဲ့ အတွေးအခေါ်ဟာ သူမွေးဖွားကြီးပြင်းလာရတဲ့ ယဉ်ကျေးမူရဲ့ ဘောင်ခတ်ခြင်းကို ခံရတယ်။ အနောက်တိုင်းယဉ်ကျေးမူမှာကြီးပြင်းလာသူတွေဟာ Analytical Thinking လွမ်းမိုးပြီး၊ အရှေ့ တိုင်းကလူတွေအတွေးအခေါ်ကို Holstic Thinking လွမ်းမိုးတဲ့ ပုံစံတွေကွာရတာ ယဉ်ကျေးမူတွေကွာခြားလို့ပဲဖြစ်တယ်။

- Time and Space
မွေးဖွားကြီးပြင်ရတဲ့ ခေတ်ကာလ၊ ဒေသကိုလိုက်ပြီးလည်း အတွေးခေါ်တွေကွာကြတယ်။

- Family Background
မိသားစုရဲ့ ယုံကြည်ကိုးကွယ်မူတွေ၊ လူမူဆက်ဆံရေးပုံစံတွေ၊ အိမ်ထောင်ရေးအခြေနေ၊ ကလေးဘ၀ပြဋ္ဌာန်းချက်၊ ဘာသာရေး၊ နိုင်ငံရေး၊ ကျောင်းပညာရေးဆိုင်ရာ လက်ခံမူတွေ၊ လိုက်နာလက်ခံကျင့်သုံးမူတွေ ဟာလူတစ်ယောက်ရဲ့ အတွေးအခေါ်ကို အများဆုံးပြဋ္ဌာန်းတယ်။

- Socio-Surrounding
လူမူပါတ်ဝန်းကျင်နဲ့ ပေါင်းသင်းဆက်ဆံနေသူတွေရဲ့ လွမ်းမိုးမူတွေ၊ အမြင်တွေ၊ စံတန်ဖိုးတွေ ကလည်း အတွေးအခေါ်ကိုပြဋ္ဌာန်းတယ်။

ကိုယ်လက်ခံထားတဲ့ အတွေးအခေါ်အယူအဆတစ်ခုကို၊ Thinking Frames ပြောင်းတွေးကြည့်ရင် Brain Stroming လုပ်ကြည့်ရင်၊ ကိုယ့်အတွေးအခေါ်ဟာ ဘယ်လောက်အထိပြဋ္ဌာန်းခံ နေရလည်း ဆိုတာတွေ့ရမှာပဲ။

ဥပမာ၊ အသားအရောင်ခွဲခြားတတ်တဲ့ လူဖြူတစ်ယောက်ကို လူမည်းတစ်ယောက်အဖြစ် စိတ်ကူးယဉ်ပြီးစဉ်းစားစေကြည့်ရင် အသားအရောင်ခွဲခြားလိုတဲ့ အတွေးအခေါ်ဟာ သူမွေးဖွားကြီးပြင်းလာရတဲ့ Culture, Time & Space, Family Background နဲ့ Socio-Surrounding ကြောင့် ပေါ်ပေါက်လာတယ် ဆိုတာအလွယ်တစ်ကူမြင်ရမယ်။
ဘာသာရေးခွဲခြားလို့သူတွေ၊ လူမျိုးရေးခွဲခြားလိုသူတွေ ရဲ့ အတွေးအခေါ် ခံယူချက်တွေဟာ Thinkin Frames တွေလွမ်းမိုးထားလို့ဖြစ်တယ်။

ကိုယ့်ရဲ့ အတွေးခေါ်တွေကို Thinking Frames တွေ ဘယ်အတိုင်းအတာထိ လွမ်းမိုးထားလည်းဆန်းစစ်နိုင်လာရင် မျှတတဲ့အမြင်၊ ဘက်မလိုက်တဲ့ခံယူချက်၊ အစွန်းမရောက်တဲ့၊ တစ်ဖက်ပိတ်မဆန်တဲ့ သုံးသပ်ချက်အမြင်တွေ ရှိလာမှာဖြစ်တယ်။ အသိပညာဥာဏ်ရဲ့ ရန်သူဖြစ်တဲ့ ကျဉ်းမြောင်းတဲ့ စိတ်ဓါတ်ခံယူချက်၊ လောကအမြင်နဲ့ ယူဆချက်တွေကနေ ကင်းကွာလာမှာဖြစ်တယ်။

Thinking Framesရဲ့လွမ်းမိုးမူဟာ လူတစ်ယောက်ရဲ့ အတွေးအခေါ်ကို အပြုသဘောဆောင်သလို၊ အပျက်သဘောဆောင်တာတွေ လည်းရှိတယ်။ အပြုသဘောဆောင်သည်ဖြစ်စေ၊ အပျက်သဘောဆောင်သည်ဖြစ်စေ၊ ဒီလွမ်းမိုးမူတွေကို ဆန်းစစ်မြင်နိုင်ဖို့ဟာ အသိပညာဥာဏ် ခရီးလျောက်နေသူတို့ အတွက်အရေးကြီးတယ်။

အတွေးအခေါ်လည်းထိုက်သင့်သလောက်စွမ်းပါရဲ့ ၊ စာပေပညာလည်းမြတ်နိုးလိုက်စားပါလျက်၊ မျှတချင်တဲ့စိတ်တွေရှိကြပါလျက်၊ မှန်ကန်တာကိုဖြစ်စေချင်တဲ့ စေတနာတွေရှိမှန်းလည်း မြင်သာပါလျက်နဲ့ အချို့ တွေ အယူအဆလွဲနေတာ၊ ခံယူချက်လွဲနေတာ၊ မဟုတ်တာ အဟုတ်ထင်နေတာ၊ အမှန်ပြလည်း၊ အမှန်ကိုမမြင်နိုင်၊ အမှန်ကိုမမြတ်နိုးနိုင် စကားလုံးတွေနဲ့ ဝေ့လည်ကြောင်ပါတ်တွေလုပ်ပြီး ဂါဟအကိုက်ခံနေရတဲ့၊ မောဟမွန်နေတာတွေရဲ့ အခြေခံအကြောင်းတရားကတော့ ကိုယ့်အတွေးအခေါ်ကို လွမ်းမိုးထားတာတွေကို ပြန်သုံးသပ်နိုင်စွမ်းနဲနေလို့ပဲဖြစ်တယ်။

မှန်မှန်ကန်ကန်တွေးခေါ်နိုင်ဖို့ထက်အရေးကြီးတာက အမှားတွေလျောက်မတွေးနေဖို့ပါ။ အတွေးအခေါ်မမှားဖို့၊ စည်းဘောင်ကျော်တွေးနိုင်ဖို့ကတော့ ကိုယ့်အတွေးအခေါ်ကို လွမ်းမိုးထားတဲ့ အကြောင်းတရားတွေကို သိထားပြီး၊ အမြဲဆန်းစစ်နေဖို့လိုပါတယ်။

လူတစ်ယောက်ခြင်းစီရဲ့ တွေးခေါ်မူကိုလွမ်းမိုးထားတဲ့ Thinkings Frames ကိုထပ်ပြီးခွဲကြည့်ရင်

- Vocational Influence (လုပ်ငန်းဆိုင်ရာ လွမ်းမိုးမူ)
- Sociological Influence (လူမူဘ၀ဆိုင်ရာ လွမ်းမိုးမူ)
- Philosophical Influence (ပုဂ္ဂိုလ်ရေး ဒဿနလွမ်းမိုးမူ)
- Ethical Influence (ကိုယ်ကျင့်တရားဆိုင်ရာ လွမ်းမိုးမူ)
- Intellectual Influence (သီဝရီဆိုင်ရာ အသိပညာနှင့် သီဝရီဆိုင်ရာ စနစ်များအရ ဆင်ခြင်မူမှ ရရှိလာသော ယူဆချက်များ၏ လွမ်းမိုးမူ)
- Anthropological Influence (လူ့အဖွဲ့အစည်းတစ်ခုရဲ့ ယဉ်ကျေးမူဆိုင်ရာ ဓလေ့ထုံးတမ်းနှင့် ဆောင်ရန်ရှောင်ရန်၊ တဗူး (Taboo) များ၏ လွမ်းမိုးမူ)
- Ideological and Political Influence (အုပ်ချုပ်ရေးဆိုင်ရာစနစ်နှင့် အာဏာကျင့်သုံးမူ ပုံစံလွမ်းမိုးမူ)
- Economic Influence (စီးပွားရေးအခြေအနေလွမ်းမိုးမူ)
- Historical Influence (သမိုင်းအသိတရားဆိုင်ရာ လွမ်းမိုးမူ)
- Biological Influence (ဇီဝရုပ်ဆိုင်ရာလွမ်းမိုးမူ)
- Theological Influence (ဘာသာရေးဆိုင်ရာ ယုံကြည်ချက်များနှင့် ခံယူချက် လွမ်းမိုးမူ)
- Psychological Influence (ကိုယ်ရည်သွေးဆိုင်ရာ အရည်ချင်းနှင့် ပုဂ္ဂိုလ်ရေး စိတ်ခံစားချက် လွမ်းမိုးမူ)
- Physiological Influence (ဇီဝကမ္မ၊ ရုပ်ခန္ဓာကိုယ်အခြေအနေ၊ ရုပ်ရည်သွင်ပြင်အခြေအနေ၊ အရပ်အမောင်း၊ ကိုယ်အလေးချိန်ဆိုင်ရာ လွမ်းမိုးမူ)

ဆိုပြီးလွမ်းမိုးမူပုံစံတွေကိုတွေ့ရတယ်။

Thinking Frames တွေရဲ့ လွမ်းမိုးမူတွေကို ဆင်ခြင်သုံးသပ်ကြည့်နိုင်ရင်၊ ကိုယ့်ရဲ့ စိတ်သဘာဝ၊ တွေးခေါ်ဆင်ခြင်ပုံတွေကို ကိုယ်ကိုယ်တိုင်ရေရေရာရာမသိတဲ့ မောဟကိုတွေ့ရမယ်။ လူ့စိတ်သဘာဝဆိုတာ လူတွေကိုတိုင်မသိတဲ့ လူဘ၀ကိုဖန်တီးစီရင်နေတဲ့ အတွင်းသဏ္ဍန် အကြောင်းတရားဖြစ်တယ်။ ဒီကိုယ်တွင်းအကြောင်းတရားဖြစ်တဲ့ စိတ်ဟာလူတစ်ယောက်ရဲ့ အဖြစ်တရားပဲဖြစ်တယ်။ ဒီအဖြစ်တရားကိုမူတည်ပြီး ပြင်ပရုပ်လောကမှာ နေထိုင်နေတာဖြစ်တယ်။

လူတစ်ယောက်ရဲ့ ပျော်ရွင်မူ၊ မပျော်ရွင်မူ၊ စိတ်အေးချမ်းမူ၊ စိတ်ဆိုးဒေါသဖြစ်မူ၊ တွေကို စိတ်သဏ္ဍန်ကပဲ ဆုံးဖြတ်ပေးနေတာဖြစ်တယ်။ သိမြင်နိုင်စွမ်းနဲ့ ဥာဏ်ကွန့်မြူးနိုင်စွမ်းတို့ကို ထိမ်းချုပ်ထားတဲ့ အကြောင်းတရားလည်းဖြစ်တယ်။ အေးချမ်းမူနဲ့၊ တည်ငြိမ်မူကို ပြဋ္ဌာန်းပေးတဲ့ အကြောင်းတရားဖြစ်သလို၊ လူတွေကိုရူးမိုက်စေတဲ့ အကြောင်းတရားလည်းဖြစ်တယ်။

Thinking Frames ရဲ့ လွမ်းမိုးမူတွေကို ဆန်းစစ်ဝေဖန်နိုင်စွမ်းတွေရှိလာရင်၊ ရွံ့ တုံးလေးလို လောကကြီးမှာ လိုရာပုံသွင်းခံနေရတဲ့ဘ၀ကနေ၊ ကိုယ့်ဘ၀ကိုယ်သခင်အဖြစ် စွမ်းအားပြည့်လွတ်လပ်စွာ ဖူးပွင့်နေထိုင်ရှင်သန် သွားနိုင်လာမှာဖြစ်တယ်။

~ AMM ~
Greenhill

Aung Myo Myat



No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်