ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Wednesday, February 18, 2015

ဗိုလ်မှူးကြီးဗထူး

ဗိုလ်ချုပ်အောင်ဆန်းနှင့် အင်္ဂလိပ်တပ်မှူးကြီးများ၏ ချီးကျူးဂုဏ်ပြု ခြင်းခံရသည့် ဗိုလ်မှူးကြီးဗထူး

၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်တွင် ကျရောက်သည့် အမျိုးသားခေါင်းဆောင်၊ လွတ်လပ် ရေးဖခင်၊ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ နှစ် (၁ဝဝ)ပြည့်ပွဲတော်ကို တစ်နိုင်ငံလုံးရှိ မြို့နယ်များတွင် စာပေဟောပြောပွဲများ၊ ဆွမ်းကပ်ပွဲများ၊ စာစီစာကုံးပြိုင်ပွဲ၊ ဗိုလ်ချုပ်မိန့်ခွန်းဟောပြောပွဲများ၊ ဗိုလ်ချုပ်ကြေးရုပ် ဖွင့်ပွဲများ၊ ဆွမ်းလောင်းပွဲ များ၊ ဈေးပွဲတော်များ၊ စာအုပ်ပြပွဲ၊ စာအုပ်ရောင်းပွဲ၊ သမိုင်း ဝင် မှတ်တမ်း ဓာတ်ပုံများဖြင့် အထူးစည်ကားသိုက်မြိုက် စွာ ကျင်းပခဲ့သည်။
သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတော်တွင်ပါသည့် ဂါရဝေါစ နိဝါတောစဆိုသည့် မင်္ဂလာတရားတော်နှင့် အညီ ဂုဏ်ပြုပူဇော်ထိုက်သူများထဲတွင် ဗိုလ်ချုပ် အောင်ဆန်းနှင့်အတူ သေအတူရှင်မကွာ ဖက်ဆစ် တော်လှန်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးအတွက် တိုင်းပြည် အတွက် ရှေ့တန်းမှ အသက်ပေးလှူခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ ညာ လက်ရုံး ဗိုလ်မှူးကြီးဗထူးကိုလည်း ချီးကျူးဂုဏ်ပြု ထိုက် ကြောင်း ရေး သားတင်ပြလိုပါသည်။

ဗိုလ်မှူးကြီးဗထူးသည် ထားဝယ်စီရင်စု လောင်း လုံးမြို့နယ် အပိုင် လေးလွန်းခံရွာငယ်မှ မြေပိုင်ရှင် ဦးဘိုး ထွန်း-ဒေါ်စိန်မြရင်တို့၏ သားထွေးဖြစ်သည်။ ထားဝယ် မြို့ အစိုးရအထက်တန်းကျောင်း၌ ပညာသင်ကြားခဲ့ပြီး အဋ္ဌမတန်းတွင် ကျောင်းထွက်ကာ သတ္တုတွင်းကုမ္ပဏီ တွင် အလုပ်ဝင်လုပ်ခဲ့သည်။ လခစားအလုပ်သမားဘဝ တွင် အရင်းရှင်စနစ်၊ ဓနရှင်ကုမ္ပဏီနှင့် အလုပ်သမား တို့၏ အရေးကြုံတိုင်း ဆင်းရဲသား အလုပ်သမားတို့ အခွင့်အရေးအတွက် ရှေ့တန်းမှ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပြောဆို ခဲ့သည့် အလုပ်သမားသူရဲကောင်းဖြစ်သည်။
ဗိုလ်မှူးကြီးဗထူးသည် ဗိုလ်ချုပ်အောင်ဆန်းဦးစီး သည့် ဗမာ့လွတ်လပ်ရေး တပ်မတော် ထိုင်းနိုင်ငံမှ မြန်မာပြည်သို့ စစ်ချီလာစဉ် ဇနီးမအုန်း၊ သားကြီးဖေဝင်း၊ သားလတ် ဖြူဝင်းနှင့် သမီးထွေး မခင်ဝင်းတို့ကို သားပစ် မယားပစ်ထားပြီး ဗမာ့လွတ်လပ်ရေးတပ်မတော်ထဲသို့ ခြေစုံပစ်ဝင်ခဲ့သည်။ တိုင်းပြည်လွတ်လပ်ရေးအတွက် အမျိုးသားရေးစိတ်ဓာတ်ဖြင့် ဗမာ့လွတ်လပ်ရေး တပ်မတော်တွင် ဗိုလ်မှူးကြီးလက်ျာဦးစီးသည့် ထားဝယ် စစ်ကြောင်းသို့ သာမန်တပ်ကြပ်ကလေးရာထူးဖြင့် ဝင်ရောက်ခဲ့သည်။
၎င်းကိုယ်တိုင်ဦးစီး၍ မြို့တစ်မြို့ရွာတစ်ရွာကို သိမ်း ပိုက်ရန် တာဝန်ကျ သည်ဆိုလျှင် မိမိရဲဘော်များအား ''စစ်သားဆိုတာ စစ်သားပီသရမယ်၊ စစ်သားဟာ တိုင်းပြည်နှင့်လူမျိုးအတွက် အသက်စွန့်ရမယ်၊ မြို့ကိုသိမ်း တဲ့အခါ အဓမ္မပစ္စည်းသိမ်းခြင်း၊ လုယက်ခြင်း၊ ရွှေတိုရွှေ စယူခြင်း စတဲ့ ဓလေ့ဆိုး၊ အကျင့်ဆိုးတွေကို လုံးဝရှောင် ရမယ်''ဟု ဆုံးမလေ့ရှိသည်။ ''စစ်သားဆိုတာ ကိုယ်ကျိုး ရှာ သမားမဟုတ်ဘူး''ဟု ပြောဆိုကာ မိမိကိုယ် တိုင်လည်း ကျင့်သုံးခဲ့သူဖြစ်သည်။

ဗိုလ်မှူးကြီးဗထူးသည် ရဲဘော်ရဲဘက်လက်အောက် ငယ်သားများ အပေါ်တွင်အလွန်ပင် စောင့်ရှောက်ကူညီ သည်။ အေးအတူ ပူအမျှ ဆိုးတူကောင်းဖက် ရဲဘော်များ နှင့် အတူနေ၊ အတူစား၊ အတူအိပ်၊ အတူတူစံ၊ အတူတူခံ သောစိတ်ဓာတ်ဖြင့် အုပ်ချုပ်ခဲ့ရာ တပ်မတော်သား ရဲဘော် ရဲဘက်များက သူ့အား များစွာချစ်ခင်ကြည်ညို လေးစားကြသည်။
ဗိုလ်မှူးကြီးဗထူးသည်လက်ရုံးရည်နှင့်နှလုံးရည်ပါ ပြည့်စုံသောသူဖြစ်သည်။ ဗိုလ်မှူးကြီးဗထူးသည် ဗမာ့ လွတ်လပ်ရေးတပ်မတော်ထဲသို့ စတင်ဝင်ရောက် ခဲ့ချိန်တွင် နယ်ချဲ့ဗြိတိသျှစစ်တပ်များကို ဂျပန်တပ်မတော်နှင့်အတူ တိုက်ခိုက် ခဲ့သူ၊ တစ်ဖန် ဖက်ဆစ်ဂျပန်များကို ဗမာ့ တပ်မတော်အနေဖြင့် လက်ဦးမှုရ ယူ၍ ပထမဆုံး တော်လှန်တိုက်ခိုက်ချေမှုန်းခဲ့သော မြန်မာ့သူရဲကောင်း တပ်မှူးကြီးတစ်ဦးဖြစ်သည်။

ထို့ကြောင့်လည်း ဗိုလ်မှူးကြီးဗထူးသည် ဗမာ့ တပ်မတော်တွင် တပ်ကြပ် ကလေးဘဝမှ ဗိုလ်ကြီးအဆင့်၊ ဗမာ့ကာကွယ်ရေးတပ်မတော်တွင် ဗိုလ်ကြီးအဆင့်ဖြင့် (တပ်မှူး)၊ ဗမာ့တပ်မတော်တွင် ဗိုလ်မှူးအဆင့် (တပ်ရင်း မှူး)၊ အနောက်မြောက်တိုင်းမှူး၊ ပြည်သူ့လွတ်လပ်ရေး တပ်မတော် (မျိုးချစ် ဗမာ့တပ်မတော်)တွင် ဗိုလ်မှူးကြီး အဆင့် (အထက်မြန်မာပြည်တိုင်းမှူး) အဆင့်ဆင့်ရာထူး တက် ချီးမြှင့်ခံရသူဖြစ်သည်။
အထက်မြန်မာပြည် တိုင်းမှူးအဖြစ်ဗိုလ်မှူးကြီးဗထူး မန္တလေးသို့ ရောက် လာချိန်တွင် မန္တလေး၌ ဖက်ဆစ် ဂျပန်များ၏ ရိုင်းစိုင်းယုတ်မာမှုများဖြစ်သော မိန်းကလေး များကို စော်ကား၊ ယောက်ျားများကို ပါးရိုက်အနိုင်ကျင့် ပစ္စည်းအဓမ္မသိမ်းယူသော အကျင့်ဆိုးများ ၄င်းရောက် လာသည့်နေ့ကစ၍ ချုပ်ငြိမ်းသွားခဲ့သည်။ ဗိုလ်မှူးကြီး ဗထူးကို မန္တလေးရဟန်းရှင်လူပြည်သူ များက လေးစား ချစ်ခင်ကြသည်။

ဗိုလ်ချုပ်အောင်ဆန်း ဦးစီးသော ဗမာ့တပ်မတော်ကြီး သည် ၁၉၄၅ ခု မတ် ၂၇ ရက်တွင် ဖက်ဆစ်တော်လှန်ရေး စရမည် ဖြစ်သော်လည်း ဗိုလ်မှူးကြီး ဗထူးသည်အခြေ အနေအချိန်အခါအရဗိုလ်ချုပ်အောင်ဆန်းနှင့် အဓိပတိ ဒေါက်တာဘမော်တို့ကို အသိပေးအကြောင်းကြားပြီး အထက်ဗမာပြည် ဖက်ဆစ်တော်လှန်ရေးကို ၁၉၄၅ ခု မတ် ၈ ရက်တွင် စတင်တိုက်ခိုက်ခဲ့သည်။ ဗိုလ်မှူးကြီး ဗထူးသည် ၁၉၄၅ ခု မတ် ၈ ရက်မှ မေ ၁၂ ရက်အထိ မန္တလေးဒေသ၊ ရှမ်းပြည်နယ်ဒေသတို့တွင် တိုက်ပွဲကြီးငယ် ၂၁ ပွဲ ဆင်နွှဲခဲ့သည်။ သူသည် ဖက်ဆစ်တော်လှန်ရေး၊ လွတ်လပ်ရေး အတွက် ရှေ့တန်းမှ အသက်စွန့်၍ အကြိမ်ကြိမ်တိုက်ပွဲဝင်ခဲ့သော စံပြမြန်မာ့ သူရဲကောင်း တပ်မှူးကြီးတစ်ဦးဖြစ်သည်။
ဗိုလ်မှူးကြီးဗထူးသည် ရှမ်းပြည်နယ် (တောင်ပိုင်း) အောင်ပန်းစခန်းသို့ ချီတက်ရာတွင် အစားဆင်းရဲ၊ အနေ ဆင်းရဲသည့်အပြင် နေ့စစ်ဆင်ရေး၊ ညစစ်ဆင်ရေး တိုက်ပွဲများကြောင့် ပင်ပန်းကာ ဆေးဝါးကလည်းမပြည့်စုံ သည့်အတွက် ငှက်ဖျားရောဂါဟောင်းပေါ်လာပြီး အရိုး ပေါ် အရေတင်၊ မျက်လုံးဟောက်ပက်ဖြင့် ၁၉၄၅ ခု ဇွန် ၂ ရက်တွင် တယ်လူးစခန်း၌ ငှက်ဖျားရောဂါဖြင့် ကွယ်လွန်သွားခဲ့ရှာသည်။
ဗိုလ်မှူးကြီးဗထူးသည် မင်းတုန်းစစ်မြေပြင်စခန်းမှ ဗိုလ်ချုပ်အောင်ဆန်းက ၄င်းကို ဗိုလ်မှူးကြီးရာထူးသို့ တိုးမြှင့်ခန့်အပ်ခဲ့ကြောင်းကို အဆက် အသွယ် ခက်ခဲမှု ကြောင့် ကျဆုံးသွားသည့်အချိန်ထိ မသိသွားခဲ့ရပေ။ ဗိုလ်မှူးကြီးဗထူး ကွယ်လွန်သည့် သတင်းကို ကြားရ သည့်အတွက် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် မျက်ရည် ကျခဲ့သည်ဟု သိမီသူများက ဆိုကြသည်။

ဗိုလ်မှူးကြီးဗထူး၏ စစ်စွမ်းရည်ကို ဗြိတိသျှ မဟာ မိတ်တပ်မတော်မှ တပ်မှူး လက်ဖတင်နင် ဂျင်နရယ်ဆာ ဝီလီယန်ဆလင်း၊ ဒုတိယဗိုလ်ချုပ်ကြီး မက်ဆာဖီတို့က ဂုဏ်ပြုချီးကျူးခဲ့ကြပြီး လန်ဒန်ဂေဇက် (ဘိလပ် အစိုးရ ဂေဇက်)တွင် မှတ်တမ်းတင်ခဲ့သည်။ ဗိုလ်မှူးကြီးဗထူးကို မန္တလေး မြို့သူ မြို့သားများကလည်း ချီးကျူးဂုဏ်ပြုသည့် အနေဖြင့် ဘုရားကြီး (၃) တာလမ်းကို ဗိုလ်ဗထူးလမ်းဟု ဂုဏ်ပြုအမည်ပေးထားသည်။ ထိုနည်းတူစွာ တပ်မတော်ကလည်း ဗိုလ်မှူးကြီး ဗထူးကို ဂုဏ်ပြု လေးစားသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့တွင် ဗထူးတပ်မြို့ဟု အမည်ပေး၍ တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း၊ တပ်မတော် (ကြည်း) တပ်ကြပ်သင်တန်းကျောင်းကို ၁၉၅၅ ခုနှစ်က စတင်တည်ထောင်ဖွင့်လှစ် ခဲ့သည်။ ဗထူးတပ်မြို့မှ မြန်မာ့သားကောင်းရတနာများ မွေးထုတ်ပေးလျက် ရှိသည်။ မြန်မာနိုင်ငံ၏ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ် တော်လှန်ရေး၊ လွတ်လပ်ရေးအတွက် အသက်စွန့် ပေးဆပ်ခဲ့သည့် ဗိုလ်မှူးကြီးဗထူး ကွယ်လွန်ခဲ့သည်မှာ နှစ်ပေါင်း ၇ဝ ရှိပြီဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ညာလက်ရုံးတော်လှန်ရေးသမားကြီး ဗိုလ်မှူးကြီးဗထူးကို ပြည်သူများသိရှိရန် အမှတ်တရ ဂုဏ်ပြုရေးသား တင်ပြ အပ်ပါသည်။

တင်လှိုင်(မိတ္ထီလာ)





No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်