၃၈ ဖြာ မင်္ဂလာ (38 Mingalar in Daily Life )
မင်္ဂလာတရားသုံးဆယ့်ရှစ်ပါးဆိုတာကိုငယ်ငယ်တုန်းကကဗျာလိုရောစာလိုရောပါဠိလိုရောသင်ကြရ၊ရွတ်ဖတ်ခဲ့ကြရတယ်။
အဓိပ္ပာယ်လည်းအဲဒီကတည်းကသိခဲ့တာပါပဲ။.ဒါပေမယ့်အသက်ကြီးလာချိန်မှာတစ်ရက်တစ်ရက်..ကိုယ်ဖြတ်သန်းနေတဲ့
..လောက..ပတ်ဝန်းကျင်မှာ..အဲဒီ..မင်္ဂလာတရားသုံးဆယ့်ရှစ်ပါးထဲက..ဘယ်နှစ်ပါးနဲ့များ..ကိုက်ညီပါသလဲလို့..ချိန်ထိုးကြည့်
ရင်းက..စိုက်ပျိုးခြင်း၊ရှင်သန်ခြင်း၊..ပွားများခြင်း..စက်ဝန်းလေး..တစ်ခုကို..သွားတွေ့မိတယ်။..တချို့ဟာတွေဟာ..ချက်ချင်း ..မဖြစ်ပေမယ့်..တစ်ခုနဲ့..တစ်ခုက..ဆက်စပ်နေတယ်။..ဒီဟာကြောင့်ဟိုဟာ ဖြစ်လာတာမျိုးတွေ တွေ့လာတယ်။တချို့အရာ
တွေက..ကျင့်သုံးဖို့ရာအချိန်ယူရတယ်..၊ရင်းရတယ်။..တချို့ဟာတွေကတစ်ခုကို..ဖြည့်ဆည်းဖို့တခြားတစ်ခုမှာအားနည်းသွား
တတ်တယ်။
ကိုယ်ဖြတ်သန်းနေတဲ့ဘဝနဲ့ကိုယ့်ပတ်ဝန်းကျင်ကို၃၈ ဖြာမင်္ဂလာတရား တော်လာအချက်များနဲ့နဲ့ချိန်ထိုးကြည့်ရင်
ကောင်းခြင်းနဲ့မကောင်းခြင်းဘယ်အရာက.အားသာနေလဲဆိုတာ.မြင်လာနိုင်ပါတယ်။ပါဠိနဲ့ မြန်မာပြန်တွေကြောင့်အနက်ခက်
နေရင်အင်္ဂလိပ်လို ပြန်ထားတာလေးဖြည့်စွက်တင်ပြထားပါသည်၊ဖတ်ကြည့်လိုက်ပါ။ပီပီပြင်ပြင် မြင်လာပါလိမ့်မယ်၊...
ReadMore
အသေ၀နာစ ဗာလာနံ(လူမိုက်တို့ကို မဆည်းကပ်ခြင်း) Not to Associate with Fools ဗာလကို လူမိုက်လို့ တိုက်ရိုက် ဘာသာပြန်ရင်တော့ ဆိုးသွမ်း သောင်းကျန်းနေသူဆိုပြီး မျက်စိထဲ တစ်မျိုးမြင်လို့ အဓိပ္ပာယ် လွဲသွားနိုင်တယ် ထင်တယ်။ ကျွန်တော်ကတော့ အင်္ဂလိပ်လို Fools ဆိုတာလေး ပိုသဘောကျတယ်။ ဗာလ - လူဗလာ - ဘာမှမရှိတဲ့သူ ဆိုတာမျိုးကိုလည်း သဘောကျတယ်။ ဒီလိုလူတွေဆီက ကျွန်တော်တို့ ဘာတွေများ ရနိုင်မှာလဲ။ ကိုယ်တစ်နေ့တာ ဖြတ်သန်း ပေါင်းသင်း ဆက်ဆံ ကိုးကွယ်နေတာ ဘယ်လိုလူတွေလဲ ??? လူ့ဗာလတွေ ဖြစ်မနေဖို့ လိုအပ်ပါတယ်။ မဟုတ်ရင် ကိုယ့်အတွက် ဘာမှ ကျန်မှာ မဟုတ်ပါဘူး။
ပဏ္ဍိတာနဉ္စ သေ၀နာ (ပညာရှိတို့ကို ဆည်းကပ်ခြင်း )To Associate with the Wise ပညာရှိလို့ ဆိုလိုက်ရင်လည်း ကျွန်တော်တို့ မျက်စိထဲမယ် သင်တိုင်းကြီးနဲ့ နှုတ်ခမ်းမွှေးစစကြီးနဲ့ ဒိဿာပါမောက္ခကြီးတွေ ပြေးပြေး မြင်မိတယ်။ တကယ်တမ်း To Associate with the wise ဆိုလိုက်တာနဲ့ ကိုယ့်ကို ကောင်းရာ မွန်ရာ လမ်းမှန်ကို ညွှန်ပြပေးနိုင်တဲ့ သင်ကြားပြသပေးနိုင်တဲ့ စာတွေ့သိသူ၊ လက်တွေ့သိသူ ဘယ်သူမဆိုနဲ့ သက်ဆိုင်နိုင်ပါတယ်။ ကိုယ်တစ်နေ့တာ ဖြတ်သန်း ပေါင်းသင်း ဆက်ဆံ ကိုးကွယ်နေသူတွေဟာ ဒီမင်္ဂလာတရားတော်နဲ့ ကိုက်ညီပါရဲ့လား ???
ပူဇာစ ပူဇနေယျာနံ(ပူဇော်ထိုက်သူတို့အား ပူဇော်ခြင်း)To Honour Those Worthy of Honour ပူဇော်ထိုက်သူတို့အား ပူဇော်ခြင်း လို့ ကြားလိုက်တာနဲ့ ပူဇော်ဆိုတဲ့ စကားကြားလိုက်တာနဲ့ ကျွန်တော်တို့ စိတ်ထဲမယ် ဆရာကန်တော့ပွဲတွေ လူကြီး ကန်တော့ပွဲတွေကိုပဲ စိတ်ရောက်ရောက် သွားတတ်တယ်။ ဒါလည်း မှန်ကန်ပေမယ့် အင်္ဂလိပ်လိုလေး ရှင်းထားတဲ့ To Honour those worthy of honour ဆိုတဲ့ စကားလေးအတိုင်း ချီးမြှောက်ဂုဏ်ပြုသင့်သူကို (ကြီးကြီးငယ်ငယ်) ဘယ်သူကိုမဆို ချီးမြှောက် ဂုဏ်ပြုရမယ် ဆိုတာလေးက ပိုပြီး ရှင်းလင်းအသက်ဝင်တယ် ထင်မိတယ်။ Worthy of Honour ဆိုတာမျိုးအတွက်တော့ ဘယ်အရာတွေက Worthy ဆိုတာ သိဖို့လည်း လိုအပ်ပါသေးတယ်။ တချို့က Expressing respect to those worthy of respect လို့ ဘာသာပြန်တယ်။ ပိုပြီးတောင် ထိမိ မှန်ကန်ပါသေးတယ်။ ကိုယ်တစ်နေ့တာ ဖြတ်သန်း ပေါင်းသင်း ဆက်ဆံ ကိုးကွယ်နေသူတွေထဲမှာ ဒီလို လူမျိုးကို တွေ့ကြုံလာရင် စိတ်အားဖြင့်သော်လည်းကောင်း၊ နှုတ်အားဖြင့်သော်လည်းကောင်း၊ ကိုယ်အားဖြင့်သော်လည်းကောင်း တတ်နိုင်သမျှ ချီးမြှောက်ဂုဏ်ပြုမိပါသလား ???
အပေါ်က သုံးခုပေါင်းကိုမှ ဘုရားရှင်က အတွဲလေးတစ်ခုလို ထားခဲ့တယ်။ "အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလ မုတ္တမံ" တဲ့။ တွဲထားတာလေးက ဘယ်လောက် အဆီအနှစ် ပြည့်ဝလိုက်သလဲဗျာ။ တစ်ခုချင်းစီလည်း မင်္ဂလာတရားပါပဲ။ ဒါပေမယ့် ဒီသုံးခု ညီညွတ်မှ ပိုအသက်ဝင်မယ်။ လူမိုက်ရှောင်ရုံနဲ့ မပြီး၊ ကောင်းတဲ့သူနဲ့ ပေါင်းနေရုံနဲ့လည်း မပြီး၊ ချီးမြှောက်သင့်သူ ချီးမြှောက်နေရုံနဲ့လည်း မပြီး အဲဒီသုံးခုစလုံးကို တပြိုင်နက် လုပ်ဆောင်နေရမှာ။
------------------------------------------------------------
ပတိရူပဒေသ ၀ါသောစ (သင့်တင့်သောအရပ်၌ နေထိုင်ခြင်း) Living in a Suitable Locality
ဒီဟာကိုတော့ နေထိုင်တာ တစ်ခုတည်း မပြောချင်ဘဲ သင့်တင့်တဲ့ ဒေသမှာ အခြေချ လုပ်ကိုင် နေထိုင်နေတာလို့ ဖြည့်စွက်ချင်မိတယ်။ ကိုယ် အခြေချ နေထိုင် လုပ်ကိုင်နေတဲ့ ဒေသ (သို့) လုပ်ငန်း (သို့) ပတ်ဝန်းကျင်ဟာ ကိုယ့်ဗီဇ၊ ကိုယ့်ပညာ၊ ကိုယ့်လိုအပ်ချက်၊ ကိုယ့်ရပ်တည်ချက်တွေနဲ့ ကိုက်ညီမှုရှိတဲ့ သင့်တင့်လျောက်ပတ်တဲ့ဟာ ဖြစ်နေပါရဲ့လား ??? ကိုယ်သင်ကြားနေရတာ ကိုယ်ဝါသနာပါတာ ဟုတ်ပါရဲ့လား ??? ကိုယ်လုပ်ကိုင်နေရတာ ကိုယ်နဲ့ အဆင်ပြေတဲ့ လုပ်ငန်း ဟုတ်ပါရဲ့လား ???
ပုဗ္ဗေစ ကတပုညတာ (ပြုခဲ့သော ကောင်းမှု ရှိသောသူဖြစ်ခြင်း)Good Deeds Done in the Past
ကောင်းမှု ပြုတတ်တဲ့သူဖြစ်မှ ကောင်းမှု ဆက်ပြုနိုင်မှာပါ။ ကောင်းမှုဆိုတာ ဒါန တစ်ခုထဲ ရည်ရည်တာ မဟုတ်ပါဘူး။ တစ်ခါတစ်လေ ပြုတာမျိုး မဟုတ်ဘဲ စဉ်ဆက်မပြတ် ပြုနေဖို့ လိုပါမယ်။ မနေ့က ကောင်းမှုဟာ ဒီနေ့အတွက် ကောင်းမွန်တဲ့ အတိတ် ဖြစ်သွားခဲ့ပြီး ဒီနေ့ ကောင်းမှုကတော့ မနက်ဖြန်အတွက် ကောင်းမွန်တဲ့ မျိုးစေ့ ဖြစ်ပါလိမ့်မယ်။
အတ္တသမာပဏီဓိ ( မိမိကိုယ်ကို ကောင်းစွာ ဆောက်တည်ခြင်း )Setting Oneself in the Right Course မိမိကိုယ်ကို ဘယ်လို ဆောက်တည်မလဲ။ ကိုယ့်မှာ မှန်ကန်တဲ့ အသိ ရှိရဲ့လား၊ အဲဒီလို မှန်ကန်တဲ့ အသိရှိအောင် မှန်ကန်စွာ ကြိုးပမ်းခဲ့ရဲ့လား၊ မှန်ကန်စွာ လမ်းညွှန်နိုင်သူကို ချဉ်းကပ် ဆည်းပူးခဲ့ရဲ့လား။ ကိုယ်လုပ်နေတဲ့ အလုပ်ဟာ ဖြောင့်မှန်ရဲ့လား၊ အဲလို ဖြောင့်မှန်အောင် မှန်ကန်စွာ ကြိုးစားလေ့လာခဲ့သလား၊ မှန်ကန်စွာ လမ်းညွှန်နိုင်သူတွေနဲ့ သင်ကြားခဲ့ရဲ့လား။ ကိုယ့်ကိုမြင်လိုက်တာနဲ့ ကိုယ့်ရဲ့ ရပ်တည်ချက်ဟာ ဘာလဲဆိုတာ တခြားသူတွေ သိမြင်နိုင်ရဲ့လား။
ဗိုလ်ချုပ်အောင်ဆန်းလို့ ပြောလိုက်တာနဲ့ လွတ်လပ်ရေးဆိုတာကို ပြေးမြင်သလို၊
ဒေါ်အောင်ဆန်းစုကြည်လို့ ပြောလိုက်တာနဲ့ ဒီမိုကရေစီ ပြေးမြင်သလို ခံယူချက်၊ လုပ်ဆောင်ချက်၊ ရပ်တည်ချက်တွေနဲ့ မိမိ တစ်ထပ်တည်း ကျနေအောင် တည်ဆောက်ထားရဲ့လား
ကိုယ့်ကိုကိုယ် ကောင်းအောင် ဘယ်လို တည်ဆောက် ယူမလဲ။ ၃၈ ချက်ကို ဖော်ပြထားပါတယ်။ အနည်းဆုံး အခုအနေအထားမှာ အပေါ်က လူမိုက်ရှောင်၊ ပညာရှိဆောင်၊ ပူဇော်သင့်သူပူဇော် ဒီသုံးခုနဲ့တင် အတော်လေး အဓိပ္ပာယ် ရှိနေပါပြီ။
ဒီအပေါ်က သုံးခုကိုလည်း ဘုရားရှင်က အတွဲလေး တစ်တွဲ အနေနဲ့ တွဲထားပါသေးတယ်။ "ပတိရူပ ဒေသ၀ါသောစ၊ ပုဗ္ဗေစ ကတပုညတာ။ အတ္တသမ္မာ ပဏိဓိစ၊ ဧတံ မင်္ဂလ မုတ္တမံ" တဲ့ဗျား။ ခင်ဗျား ဘယ်လိုပဲ ဘယ်လောက်ပဲ ကောင်းမွန်စွာ ကျင့်ကြံ ဆောက်တည် ကြိုးပမ်းနေသော်ငြား ခင်ဗျား ကျင်လည်နေရာ လုပ်ကိုင်နေရာ ပတ်သက်နေရာ နေထိုင်နေရာ အရပ်၊ ဒေသ၊ အလုပ် ဟာ ပတိရူပဒေသဝါသောစ- သင့်တင့်တဲ့ အရပ်မဟုတ်ခဲ့ဘူးဆိုရင် ခင်ဗျားအတွက် အကျိုးမရှိပြန်ပါဘူး။ ဒါကြောင့်မို့ ကမ္ဘာက လေးစားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ လုပ်ကြံခံရတယ်၊ ဒေါ်အောင်ဆန်းစုကြည် နှစ်ပေါင်းများစွာ အကျဉ်းချခံခဲ့ရတယ်။ ဒါပေမယ့် သူတို့တွေဟာ ပုဗ္ဗေစကတပုညာတာ စဉ်ဆက်မပြတ် ကောင်းမှုပြုခဲ့သူတွေ ဖြစ်တဲ့အပြင် အတ္တသမာပဏီဓိစ ကိုယ့်ကိုကိုယ် ယုံကြည်ချက် ရည်ရွယ်ချက် ဦးတည်ချက် ရပ်တည်ချက် ခိုင်ခိုင်မာမာ တည်ဆောက်ထားသူတွေ ဖြစ်တာမို့ နာမည် မပျက်ယွင်းခဲ့ကြဘူး။
------------------------------------------------------------
ဗာဟုဿစ္စ ( အကြားအမြင်များသော သူ၏ အဖြစ် ဖြစ်ခြင်း ) Great Learning အကြားအမြင်များသောသူ ဘယ်လို ဖြစ်နိုင်မလဲ??? အကြားအမြင် များဖို့ဆိုတာ အမြဲမပြတ် လေ့လာ လုပ်ကိုင်နေဖို့ လိုအပ်ပါတယ်။ သင်ယူမှု လေ့လာမှုဆိုတာ ဆုံးခန်းတိုင်တယ် မရှိပါဘူး။ ဒီဘက်ခေတ်မှာဆို အတတ်ပညာ နည်းပညာတွေက အချိန်နဲ့အမျှ အလျှင်အမြန် ပြောင်းလဲနေတယ်။ ဒါတွေကို လေ့လာ သိရှိနေမှ အခြားသူတွေနဲ့ ကိုယ်က ဆွေးနွေးနိုင်မယ် ပြောပြနိုင်မယ် နားလည်နိုင်မယ်။ To have much learning သင်ယူမှု တော်တော်များများဟာ ကျောင်းသင်ခန်းစာတွေကနေ လာတယ်။ ဒီနေရာမှာ ကျောင်းသင်ခန်းစာဆိုတာ သီအိုရီပိုင်းတွေကို ပြောတာပါ။ ကျွန်တော်တို့ တက္ကသိုလ်တုန်းက ပြောကြတာ ရှိတယ်။ ကျောင်းမှာ သီအိုရီတွေပဲ သင်တယ်။ လက်တွေ့မပါလို့ မထိရောက်ဘူး မတတ်ဘူး စသည်ဖြင့်ပေါ့လေ။ ဒီနေရာမှာ မင်္ဂလာတရားထဲ ထူးဆန်းတာက ဗာဟုသစ္စဉ္စ သိပ္ပဉ္စ ဆိုပြီး ခွဲခြား ပြောထားတယ် (အောက်တစ်ခုမှာ ဆက်ကြည့်ပါ)။
စာတွေ့နဲ့ လက်တွေ့ကို ခွဲပြောထားတာပါ။ ဒီတော့ ကျောင်းတွေက သီအိုရီပဲသင်တာများပြီး လက်တွေ့ အားနည်းတာက ကျောင်းအပိုင်း၊ ကိုယ့်အပိုင်းက အဲဒီသင်ကြားရတဲ့ သီအိုရီတွေကိုရော ပိုင်နိုင်ရဲ့လား ကျေညက်မှု ရှိရဲ့လား ဆိုတာပါပဲ။ တကယ်တော့ သီအိုရီကို လက်တွေ့မှာ အသုံးချနိုင်မှ အသုံးကျတာပါ။ လက်တွေ့ဘယ်လောက်ကောင်းကောင်း သီအိုရီ မကျွမ်းကျင်သူတွေဆိုတာလည်း အရာ မရောက်လှပြန်ပါဘူး။ - ကိုယ်မတတ်ကျွမ်းတာဟာ အပေါင်းအသင်း မကောင်းလို့လား (အသေဝနာစဗာလာနံ လူ့ဗာလတွေနဲ့ မပေါင်းနဲ့လို့ ဆိုထားတယ် ကိုယ်က ပေါင်းနေတာလား) - တကယ်တတ်ကျွမ်းသူဆီမှာ ချဉ်းကပ် သင်ကြားပါရဲ့လား (ပဏ္ဍိတာနဉ္စ သေ၀နာ ဆိုတာကို လိုက်နာသလား) - (ပူဇာစ ပူဇနေယျာနံ) Expressing respect to those worthy of respect ကိုယ်လိုချင်တဲ့ ပညာ ဗဟုသုတကို ရဖို့ ကိုယ့်ကို ပေးနိုင်တဲ့သူတွေက ပေးချင်လာအောင်ရော ရိုသေသမှု ဂါရ၀တရား ရှိရဲ့လား
- (ပတိရူပဒေသ ၀ါသောစ) ကိုယ်နေတဲ့အရပ်က ကိုယ်လိုချင်တာတွေ ဖြည့်စွမ်းနိုင်တဲ့ အရပ်ဟုတ်ရဲ့လား (ဥပမာ- ရန်ကုန်တက္ကသိုလ်တွေနဲ့ နယ်တက္ကသိုလ်တွေ မတူသလို၊ နိုင်ငံတကာ တက္ကသိုလ်တွေနဲ့ ရန်ကုန်တက္ကသိုလ် တခြားစီ) - (ပုဗ္ဗေစ ကတပုညတာ) ဥပမာ- ဆယ်တန်း အမှတ်ကောင်းလို့ ဝါသနာပါပါမပါပါ ပေါ်ပင်ဖြစ်တာကို ယူတယ်။ ဘွဲ့တစ်ခုရအောင် ကြုံရာ ယူတယ်။ အဲဒီဟာနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားမှု၊ လေ့လာလိုက်စားမှု၊ အခြေခံ၊ အားထုတ်မှု (ပြုခဲ့သော ကောင်းမှု) မရှိဘဲနဲ့ ဒီနေရာမှာ အောင်မြင်ဖို့ ခက်ခဲတယ်။ ပရိုဂရမ်းမင်း ဝါသနာပါသူဟာ ထက်မြက်ရမယ်၊ ထိုးထွင်းကြံဆတတ်ရမယ်၊ ဝီရိယ ရှိရမယ်၊ သင်္ချာပိုင်း တော်ရမယ် ဒါတွေက ဟိုးတုန်းကတည်းက ပြုခဲ့ရမယ့် ရှိနေရမယ့် အရာတွေပါ။ ဒါတွေမရှိဘဲ ကုဒ်ဒင် ဘယ်လောက်တတ်တတ် ထိပ်တန်းပရိုဂရမ်မာ မဖြစ်နိုင်ဘူး။ - (အတ္တသမာပဏီဓိ) မိမိကိုယ်ကို ကောင်းစွာ ဆောက်တည်ခြင်း ရှိရဲ့လား။ ကိုယ့်လုပ်နေတဲ့ အလုပ်အပေါ်မှာ ကိုယ်လေ့လာနေတဲ့ ပညာရပ်အပေါ်မှာ ကိုယ်ဆည်းပူးနေတဲ့ အကြောင်းအရာ တစ်ခုအပေါ်မှာ Commitment ရှိရဲ့လား။ ဒါတွေမရှိဘဲနဲ့ ဗာဟုဿစ္စ အကြားအမြင် များတဲ့သူ မဖြစ်နိုင်ပါဘူး။ ဆိုတော့ကာ မင်္ဂလာတရားတော်တွေဟာ လိုက်နာစရာ တစ်ခုနဲ့ တစ်ခု အရမ်းပဲ ချိတ်ဆက်နေပါတယ်။ ကိုယ်ဟာ ကိုယ့်လုပ်ငန်းမှာ ကိုယ့်ပညာရပ်ပိုင်းမှာ မအောင်မမြင် ဖြစ်နေသေးရင် ဒါတွေနဲ့ တိုက်ဆိုင် စစ်ဆေး ကြည့်သင့်ပါတယ်။
သိပ္ပ ( အပြစ်မရှိသော လက်မှုပညာ အစရှိသော အတတ်တို့ကို တတ်ခြင်း ) Practical Skill သိပ္ပဉ္စကို Practically Skillful လို့ ရည်ညွှန်းပါတယ်။ သက်သက်ကို ခွဲခြားထားတာပါ။ လောကမှာ စာတွေ့သမား၊ လက်တွေ့သမား တစ်ယောက်နဲ့ တစ်ယောက် ပြိုင်ကြတာတွေ ရှိတယ်။ ဒါပေမယ့် အဲဒီနှစ်ခုစလုံး ပိုင်နိုင်တဲ့သူသာ အအောင်မြင်ဆုံး ဖြစ်နိုင်တာပါ။ ဗာဟုသစ္စဉ္စ ဆိုတဲ့ ပညာရပ်ပိုင်းဆိုင်ရာ အသိတွေ သီအိုရီတွေ ရှိပြီးရင် သိပ္ပဉ္စ ဆိုတဲ့ လက်တွေ့ပိုင်း (တကယ် လုပ်နိုင်တာ) လေ့ကျင့်ဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ ဘာသာပြန်ထားတဲ့ အပြစ်မရှိသော ဆိုတဲ့ စကားလေးဟာ အင်မတန်မှ ကျယ်ဝန်းပါတယ်။ ကိုယ်လုပ်နေတာဟာ အပြစ်ရှိခြင်း မရှိခြင်းကို သိဖို့ဆိုတာက ကိုယ့်မှာ ပညာသိ ရှိနေဖို့ လိုအပ်တာ ပေါ်လွင်ပါတယ်။
ဝိနယောစ သုကိက္ခိတော( ကောင်းစွာသင်အပ်သောဝိနည်းတရား ရှိခြင်း )A Highly Trained Discipline
သိပ်ကောင်းတဲ့ အချက်လေးပါ။ Well-trained in discipline ဝိနည်း၊ စည်းကမ်းကျင့်ဝတ်၊ ဆောင်ရန် ရှောင်ရန် ဒါတွေကို သိနေရပါမယ်။ စည်းစနစ်လို့ လွယ်လွယ် တွေးကြည့်ပါ။ ဥပမာ ဓာတုဗေဒ၊ ရူပဗေဒ၊ ဆေးအတတ် စတာတွေမှာ စမ်းသပ်မှုတွေ လေ့လာမှုတွေ ပြုလုပ်တိုင်း အဆင့်တိုင်း အဆင့်တိုင်းကို ကိုယ်လုပ်ထားတဲ့ အချက်တွေကို ရေးမှတ်ထားကြရတယ်။ ဒါမှသာ အောင်မြင်ခဲ့ရင် ဘယ်ဟာနဲ့ ဘယ်ဟာ ဘယ်လိုပေါင်းပြီး ဘယ်လို လုပ်လိုက်လို့ ဘယ်လို ရလာတယ် စတဲ့ တိကျတဲ့ ဖော်မြူလာကို ရလာပါမယ်။ ဒါကြောင့် ဘာလုပ်လုပ် ချရေးမှတ်ရမယ်ဆိုတာ အရမ်းလွယ်ကူပေမယ့် လူတိုင်း မလုပ်နိုင်ကြတဲ့ စည်းကမ်းဥပဒေပါ။ ဒါတွေလုပ်ရင် လက်အိတ်ကို စွပ်ထားရမယ်၊ အများပြည်သူ အန္တရာယ် ဖြစ်စေနိုင်တဲ့ နေရာတွေမှာ မပြုလုပ်ရဘူး။ စသည်ဖြင့် စသည်ဖြင့်ပေါ့လေ မဖြစ်မနေ သိနေ လိုက်နာကျင့်သုံးနေရမယ့် ကျင့်ဝတ်စည်းတွေပါ။ နိုင်ငံတကာမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စားတာ သောက်တာကအစ အက်တိကတ် ယဉ်ကျေးမှုတွေ မတူညီကြဘူး။ ဒါတွေကို နေရာဒေသအလိုက် လိုက်နာ ကျင့်သုံးနိုင်ရမယ်။ အလုပ်တစ်ခုနဲ့ တစ်ခု မတူညီတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ လိုက်နာရတာတွေ၊ စောင့်ထိန်းရတာတွေ ရှိတယ်။ ဒါတွေဟာ ကိုယ်နဲ့ တစ်သားထဲ ရှိနေရမယ်။ သီးဆစ် တစ်စောင်ရေးတယ် လိုအပ်တဲ့ မဖြစ်မနေ ပါဝင်ရမယ့် ခေါင်းစဉ်တွေ၊ ခေါင်းစဉ်ခွဲတွေ၊ သုံးသပ်ချက်တွေ ပါကို ပါနေရမယ်။
သုဘာသိတ၀ါစာ ( ကောင်းစွာပြောဆိုခြင်း ) Well-spoken Speech စကားကို ကောင်းစွာဆိုခြင်းတို့ အင်္ဂါလေးပါး စကားကိုသာ ပြောတတ်ခြင်းတို့ စသည်ဖြင့် ပညာရှင်များ အနက်ဖွင့်ကြပေမယ့် လက်တွေ့ နိစ္စဓူဝ လုပ်ငန်းခွင်တွေမှာ ဒါကို Presentation Skill ရယ်လို့ ကျွန်တော်က မြင်ပါတယ်။ တချို့လူတွေ ပညာဘယ်လောက်တတ်တတ် ကိုယ်တတ်တာကို သူများ နားလည်အောင် မပြောပြနိုင်ဘူး။ သူရှင်းလိုက်တိုင်း လည်နေတယ်။ တချို့လူတွေ ကိုယ့်အယူအဆ ကိုယ်တတ်ကျွမ်းတာကို မျှဝေချင်တာတောင် လူနားဝင်အောင် မပြောဘူး ဒေါသတွေ မာန်တွေ ဌာန်တွေ အာဃာတတွေနဲ့ ပြောတတ် ဆိုတတ်ကြတယ်။ သူများ နှစ်လိုဖွယ် လက်ခံနားထောင်ချင်ဖွယ် စိတ်ဝင်စားဖွယ် ကောင်းအောင် မပြောတတ်ဘူး ဆိုတာမျိုးပေါ့ဗျာ။ ဒီနေရာမှာလည်း လူတိုင်း စကားကောင်းစွာ မဆိုနိုင်ကြပါဘူး။ လူမိုက်နဲ့ များများပေါင်းနေတဲ့သူဆီကနေ လူမိုက်စကားတွေ ကြားရတတ်တယ်။ ပညာရှင်တွေနဲ့ ပေါင်းသင်းနေသူတွေ ဆီကနေ ပညာရှင်စကားတွေ ကြားရတတ်တယ်။ အကြားအမြင်မများသူ တစ်ယောက်ဆီကနေ ဖွယ်ဖွယ်ရာရာ ကောင်းကောင်းမွန်မွန် စဉ်းစား ဆင်ခြင်စရာတွေ မကြားရတတ်ဘူး စသည်ဖြင့် အခြား မင်္ဂလာတရားတွေနဲ့လည်း ဆက်စပ်နေပြန်ပါတယ်။
အထက်ကဟာတွေ အတိုင်းပါပဲ ဘုရားရှင်က "ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊ ၀ိနယောစ သုကိက္ခိတော။ သုဘာသိတာစ ယာ ၀ါစာ။ ဧတံ မင်္ဂလ မုတ္တမံ" ဆိုပြီး အဲဒီလေးခုကို ပေါင်းစည်းပေးထားပါတယ်။ ပညာရပ်အနေနဲ့ စဉ်းစားကြည့်ရင် လူတစ်ယောက်ဟာ ပညာရပ်ပိုင်းဆိုင်ရာ ဗဟုသုတတွေ၊ သီအိုရီတွေ၊ အချက်အလက်တွေကို သင်ယူမယ်၊ ပြီးရင် လက်တွေ့ပိုင်းဆိုင်ရာ ဖြည့်ဆည်းမယ်၊ ဆောင်ရန် ရှောင်ရန်တွေ လိုက်နာစရာတွေကို သိထားမယ် လိုက်နာမယ်၊ ကိုယ်တတ်ကျွမ်း သိနားလည်တာကို တစ်ဖက်လူ နားလည်အောင် နားဝင်အောင် ထိထိမိမိ ပြောတတ်ဆိုတတ်ရမယ်။ ကျွန်တော့်မျက်လုံးထဲ ပါရဂူကျမ်းပြု စာသင်သားတစ်ဦး သူ့စာတမ်းအတွက် ပညာရှင်တွေရှေ့မှာ အစစ်ဆေး ခံနေရာမျိုးကို မြင်ယောင်နေမိပါတယ်။ သူဘွဲ့ရမယ့် ကိစ္စဟာ ဒီနေရာက အထူးကို အရေးကြီးတာကို ကျမ်းပြုဖူးသူတိုင်း သိမှာပါ။
------------------------------------------------------------
မာတာပိတု ဥပဋ္ဌာန ( အမိအဘတို့ကို ကောင်းစွာ လုပ်ကျွေးခြင်း )Looking After One’s Mother and Father
ပုတ္တဒါရဿသင်္ဂဟ ( သားမယားတို့အား ထောက်ပံ့ခြင်း )Caring for One’s Wife and Children
အနာကုလ ကမ္မန္တာ ( အနှောင့်အယှက်မရှိသော အမှုတို့ကိုသာ ပြုခြင်း )Unconfused Actions
ဒါနဉ္စ ( အလှူပေးခြင်း ) Generosity
ဓမ္မစရိယ ( မြတ်သော အကျင့်တို့ကို ကျင့်ခြင်း ) A Righteous Life
ဥာတကာနဉ္စ သင်္ဂဟ ( ဆွေမျိုးတို့အား ထောက်မခြင်း ) Caring for One’s Relatives
အန၀ဇ္ဇာနိကမ္မာနိ ( အပြစ်မရှိသော အမှုတို့ကို ပြုခြင်း )Blameless Actions
ပါပ အာရတီ ( မကောင်းမှုမှ ဝေးစွာ ရှောင်ကြဉ်ခြင်း ) To Abhor All Evil
ပါပ ၀ိရတီ ( မကောင်းမှုမှ အထူး ရှောင်ကြဉ်ခြင်း ) To Avoid All Evil
မဇ္ဇပါန သံယမော ( သေရည်သေရက်ကို သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း) Abstention from Intoxicants
အပ္ပမာဒေါစ ဓမ္မေသု ( ကောင်းမှုကုသိုလ်တို့၌ မမေ့လျော့ခြင်း ) Diligence in Righteousness
ဂါရဝ( ရိုသေထိုက်သူတို့အား ရိုသေခြင်း ) Reverence
နိဝါတ( မိမိကိုယ်ကို နှိမ့်ချခြင်း ) Humility
သန္တုဌီ( ရောင့်ရဲလွယ်ခြင်း ) Contentment
ကတညုတ( သူပြုဖူးသော ကျေးဇူးကို သိခြင်း ) Gratitude
ကာလေန ဓမ္မဿဝန ( သင့်တင့်လျောက်ပတ်သော အခါ၌ သူတော်ကောင်းတရားကို နာယူခြင်း )
Hearing the Dhamma at the Right Time
ခန္တီ ( သည်းခံခြင်း ) Patience
သောဝစဿတာ ( သူတော်ကောင်းတို့ ဆုံးမအပ်သော စကားကို နာလွယ်ခြင်း ) Compliance
သမဏာနဉ္စ ဒဿန ( ရဟန်းပုဏ္ဏားတို့အား ဖူးမြင်ခြင်း ) Seeing the Monks
ကာလေန ဓမ္မသာကစ္ဆာ ( သင့်တင့် လျောက်ပတ်သော အခါ၌ တရားတော်ကို ဆွေးနွေးမေးမြန်းခြင်း )
Opportune Discussion of the Dhamma
တပေါ ( ခြိုးခြံစွာကျင့်ခြင်း ) Self-restraint
ဗြဟ္မစရိယ ( မြတ်သော အကျင့်တို့ကို ကျင့်ခြင်း ) A Holy Life
အရိယသစ္စာနဒဿန ( အရိယသစ္စာတို့ကို သိမြင်ခြင်း )Seeing the Four Noble Truths
နိဗ္ဗာန သစ္ဆိကိရိယာ ( နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း ) Realising Nibbāna
နကမ္ပတိ ( လောကဓံတရားတို့နှင့်တွေ့သော် တုန်လှုပ်သောစိတ် မရှိခြင်း )
When Affected by Worldly Conditions, if One’s Mind Remains Unshaken
အသောက ( လောကဓံတရားတို့တွေ့သော် စိုးရိမ်သောစိတ် မရှိခြင်း ) Sorrowless
ဝိရဇံ ( လောကဓံတရားတို့တွေ့သော် စိတ်၌ ရမ္မက်မရှိခြင်း ) Stainless
ခေမံ ( လောကဓံတရားတို့တွေ့သော် စိတ်၌ဘေးမရှိခြင်း ) Secure
နေ့စဉ်နေ့တိုင်းမင်္ဂလာတရား၃၈ပါးနဲ့ ပြည့်စုံကြပါစေ ပြည့်စုံအောင်လုပ်ဆောင်နိုင်ကြပါစေလို့ဆန္ဒပြုရင်း
No comments:
Post a Comment