ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Sunday, September 22, 2013

သတိဟူ ပိုသည်မရှိ




လောကကြီးမှာလူသားတွေဟာသတိမမူတာကြောင့်အခက်အခဲမျိုးစုံကြုံ တွေရတတ်ပါတယ်...ဒီပိုစ့်လေးကိုဖတ်ပြီး သတိနဲ့ သွား၊လာ၊စား ၊နေ တတ်စေနိုင် ရန် တင်ပြလိုက်ပါတယ်.

တနေ့
လမ်းခပ်ကျဉ်းကျဉ်းတစ်ခုမှာ ကားမောင်းလာရင်းရှေ့ခပ်လှမ်းလှမ်းမှာ လူငယ်(၃)ယောက် ရင်ပေါင်တန်းပြီး ယှဉ်လျက် လမ်းလျှောက်နေကြတာတွေ့တယ်။ဘာတွေပြောဆို သဘောကျပြီး ရယ်မောနေကြလဲမသိ။ ကားလာနေတာလည်း လမ်းလုံးဝမဖယ်။ကားဟွန်းမတီးချင်ပဲ တီးလိုက်တော့လည်း ထီမထင်မျက်နှာပေးနဲ့ မလွတ်တလွတ်ကလေး ရှောင်ရုံရှောင်တယ်။သတိကြီးစွာနဲ့ မပွတ်မိအောင် မနည်းမောင်းလိုက်ရတယ်။
ကြုံဖူးတဲ့ အဖြစ်လေးတွေပြန်သတိရမိတယ်။

ပြီးခဲ့တဲ့နှစ်က အသိတစ်ယောက် ညပိုင်း လမ်းဘေး လမ်းလျှောက်ရင်း ကားတစ်စီး နောက်က ၀င်တိုက်မိပြီး ဆုံးသွားရှာတယ်။ကားက သူ့ကို မတွေ့လိုက်တာပါ။ ဖြစ်ချင်တော့ သူကလည်း အပေါ်အောက် အနက်ရောင်ချည်း ၀တ်ထားမိတယ်။တကယ်တော့ ကားလမ်းဘေးမှာ လမ်းလျှောက်ရင်ဆန့်ကျင်ဖက်လာနေတဲ့ ကားတွေကိုမျက်နှာမူတဲ့ယာဉ်ကြောကနေ လျှောက်ရမယ်ဆိုတာ လမ်းစည်းကမ်းမှာ အတိအကျပါပါတယ်။ ဒါမှ လာနေတဲ့ကားကို မြင်ပြီး ရှောင်နိုင်မှာပါ။ ဒါပေမယ့် လူအတော်များများအဲဒီအချက်ကိုမသိကြပါဘူး။သူ့ခမျာလည်းအဲဒီမသိမှုကြောင့်ဘ၀ပေးဆပ်စတေးလိုက်ရရှာတာပါ။

ပြီးခဲ့တဲ့ ၅နှစ်လောက်က အသက်နှစ်ဆယ်ကျော် လှတပတ တက္ကသိုလ်ကျောင်းသူလေးတစ်ဦး
မိဘက ချမ်းသာတော့ သမီးကျောင်းသွား၊ ပြန်ကိုယ်တိုင်မောင်းဖို့ ကားတစ်စီးဝယ်ပေးထားတယ်။
အဲဒီမိန်းကလေးက တစ်ရက်တော့ ကားမောင်းနေရင်း ရေတိုင်ကီရေဆူလို့ ကားရပ်ပြီး ရေဖြည့်ဖို့ လုပ်တယ်။ရေတိုင်ကီဖုံးကို အလောတကြီး ဖွင့်လိုက်တာ ဖွင့်ဖွင့်ချင်း ပွက်ပွက်ဆူနေတဲ့ ရေပူတွေက အပေါ်ကို ပန်းထွက်ပြီး မိန်းကလေးရဲ့ မျက်နှာကို ထိသွားပါတယ်။
မျက်လုံးတစ်ဖက် အမြင်အာရုံလျော့နည်းသွားပြီး မျက်နှာအလှလည်း ထိခိုက်သွားရှာတယ်။
ကားမောင်းနေရင်း အင်ဂျင်အပူချိန်လွန်ကဲနေတုန်း ရေတိုင်ကီအဖုံးကို အလွယ်မဖွင့်ရဘူးဆိုတဲ့ အသိလေးတစ်ချက်လိုသွားလို့ ခုလိုဖြစ်သွားရရှာတာပါ။

မီးပျက်တဲ့အချိန်မှာ ကောင်လေးတစ်ယောက် အင်ဗာတာကို ဖွင့်ဖို့ လုပ်တယ်။
ဘက်ထရီက အားကုန်နေလို့ နောက်ထပ်ဘက်ထရီအသစ်တစ်လုံးနဲ့ လဲဖို့လုပ်တယ်။
ဘက်ထရီအသစ်ရဲ့ ငုတ်ခေါင်းတွေကို ဂွရှင်နဲ့ ကျပ်နေတုန်း ဂွရှင်နဲ့ အဖို၊ အမ ငုတ်၂ခုကို ပြိုင်ထိမိပြီး ဘက်ထရီအိုးက ၀ုန်းကနဲ ပေါက်ကွဲသွားတယ်။ အက်စစ်တွေ စင်ကုန်တယ်။ ကောင်လေးအသားတွေ အက်စစ်လောင်ပြီး အတော်ပျက်စီးသွားတယ်။
နောက်မှ မေးကြည့်တော့ အဲဒီလို ဘက်ထရီအဖို၊ အမ ငုတ်၂ခုကို သံနဲ့ ပြိုင်ပြီး မထိရဘူးဆိုတဲ့ Knowledge သူမသိပါဘူးတဲ့။

တူလိုခင်မင်နေတဲ့ ကောင်လေးတစ်ယောက် မကြာခင်မှာ ကောင်မလေးချောချောတစ်ယောက်နဲ့ ရည်းစားဖြစ်ပါတယ်။ကောင်လေးက အသည်းရောင်အသားဝါ (စီ)ပိုး ရှိနေတာကြာပါပြီ။
သိနေတဲ့ ကျွန်တော်က စိုးရိမ်လို့ မတော်တဆလွန်ကျွံခဲ့ကြရင် အဖော်တော့ဆောင်ဖြစ်အောင်ဆောင်နော်လို့ သတိပေးဖြစ်ခဲ့သေးတယ်။ပြောပေမယ့်လည်း ကောင်လေးကရယ်ကျဲကျဲနဲ့။
နောက် (၆)လအကြာ ကောင်မလေး အူအတက်ပေါက်လို့ ဆေးရုံတက်တော့ မခွဲခင်သွေးစစ်တဲ့အခါ ကောင်မလေးလည်း (စီ)ပိုး ရှိနေပြီတဲ့။ ကောင်မလေးမှာ မျက်ရည်နဲ့ မျက်ခွက်။ သြော်... ကျန်းမာရေးအသိအားနည်းခြင်း၊ အယုံလွယ်ခြင်းက ဒုက္ခပေးသွားတာပါ။

ကျွန်တော်တို့ နေ့စဉ်နေထိုင်ကျင်လည်နေတဲ့ လူမှုဘ၀ပတ်ဝန်းကျင်မှာ ဘယ်သွားသွား၊ ဘာလုပ်လုပ် သတိတရား အမြဲလက်ကိုင်ထားဖို့ လိုပါတယ်။ အန္တရာယ်ဖြစ်စေနိုင်တဲ့အရာတွေနဲ့ ပတ်သက်တဲ့ အခြေခံအသိတရားလေးတွေလည်း သိထားဖို့၊ စိတ်ဝင်တစား လေ့လာဖို့လည်း လိုပါတယ်။

တစ်ခါတစ်ရံ ပေါ့ဆလို့ဖြစ်စေ၊ ဗဟုသုတ၊ အသိနည်းပါးလို့ဖြစ်စေ၊ အန္တရာယ်အတိမ်အနက်ကို မသိလို့ဖြစ်စေ၊ နောင်ခါလာနောင်ခါဈေးဆိုတဲ့စိတ်ဓာတ်ကြောင့်ဖြစ်စေမဖြစ်သင့်တဲ့ အန္တရာယ်များတွေ့ကြုံရတတ်ပါတယ်။

ကိုယ့်ဟာကိုယ်နေတာပဲ၊ ကိုယ့် Professional အလုပ်ကို ကိုယ်ကျွမ်းကျင်နေရင် ပြီးတာပဲ၊ တစ်ခြားဘာမှသိပ်သိစရာမလိုပါဘူး ဆိုပြီးနေလို့မရပါဘူး။

တစ်ချို့ မိန်းကလေးတွေလည်း ရှိတတ်ပါတယ်။ အလှအပကို စိတ်ဝင်စားတယ်။ ဖက်ရှင်ကို စိတ်ဝင်စားတယ်။ မင်းသား၊ မင်းသမီး၊ အဆိုတော်၊ ကိုးရီးယားမင်းသားအကြောင်းအကုန်သိတယ်။ သီချင်းအကုန်အလွတ်ရတယ်။
ဒါပေမယ့် ပတ်ဝန်းကျင်ဗဟုသုတအကြောင်းအရမ်းအားနည်းနေတတ်တယ်။
ယာဉ်၊ စက်ကိရိယာ၊ လျှပ်စစ်၊ ဆောက်လုပ်ရေး၊ သဘာဝဘေးအန္တရာယ်အကြောင်း သိပ်စိတ်မ၀င်စားတော့ အသိအားနည်းနေတတ်ကြတယ်။

ဒါပေမယ့် ကိုယ့်ရဲ့ ပုံမှန်နေ့စဉ်ဘ၀ထဲမှာ သွားလာလှုပ်ရှားနေရင်း တစ်ခါတစ်ရံ ယာဉ်၊ စက်ကိရိယာ၊ လျှပ်စစ်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ကျန်းမာရေးကိစ္စတို့နဲ့ မလွှဲမရှောင်သာထိတွေ့ရတဲ့အခါ သိသင့်တဲ့ အခြေခံဗဟုသုတအားနည်းမှုတွေကြောင့် အန္တရာယ်များ မကြုံသင့်ပဲ ကြုံကြရတတ်ပါတယ်။
ဒါဟာ သင်ခန်းစာယူစရာကောင်းတဲ့အချက်ပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းတွေမှာ တစ်ရက်တည်းမှာပဲ ရန်ကုန်မြို့လည်အထပ်မြင့်တိုက်တွေပေါ်က လူငယ်အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ ပြုတ်ကျသေဆုံးကြောင်း ကြားသိလိုက်ရတယ်။
အဲဒီဖြစ်ရပ် ၂ခုမတိုင်ခင်လည်း အထပ်မြင့်တိုက်ပေါ်က ပြုတ်ကျပြီး သေဆုံးတဲ့သတင်းများစွာ ကြားမိပါတယ်။သူတို့လေးတွေ ပေါ့ဆလို့၊ အသိအားနည်းလို့ ခုလိုဖြစ်ရတယ်လို့ မဆိုလိုပါ။
သေဆုံးသွားရှာသူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ အထူးကိုယ်ချင်းစာဝမ်းနည်းရပါတယ်။
သူတို့လေးတွေ ဘယ်နေရာမှာ ဘယ်လိုများ မှားယွင်းသွားရှာလို့ ခုလို အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရပါသလဲလို့ စောကြောချင်နေမိတာလေးတစ်ခုတည်းပါ။နောက်နောင်ကို အလားတူမဖြစ်စေဖို့ ဆန္ဒမွန်နဲ့ဆုတောင်းပါတယ်။

လူတိုင်း အသွားအလာ၊ အနေအထိုင် ဘေးအန္တရာယ်အစစအရာရာကင်းဝေးကြပါစေဗျာ



Ko Kyaw Hlaing Win .......... ရေးသားသည်။


http://www.zaylinthawtar1994.blogspot.com/

No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်