Saturday, May 10, 2014
အောင်ဆန်းသူရိယ ဘွဲ့တံဆိပ်ရရှိကြသူများ
(၁) အောင်ဆန်းသူရိယ အေးချို (၁၉၄၈) - ဗိုလ်မှူး (ကျဆုံး) / ပြည်ထောင်စု စစ်ရဲတပ်ရင်း (၂၁)
(၂) အောင်ဆန်းသူရိယ တိုက်ချွန်း(၁၉၅၀)-ဗိုလ်(နောင်တွင်ဗိုလ်ကြီး)/အမှတ်(၁)ချင်းသေနတ်ကိုင်တပ်ရင်း
(၃) အောင်ဆန်းသူရိယ လှသောင်း (၁၉၄၉) - တပ်သား (ကျဆုံး) / အမှတ်(၃) ဗမာ့သေနတ်ကိုင်တပ်ရင်း
(၄) အောင်ဆန်းသူရိယ စောမြင့် (၁၉၅၁) - တပ်သား (ကျဆုံး) / အမှတ်(၁)ကရင်သေနတ်ကိုင်တပ်ရင်း
(၅) အောင်ဆန်းသူရိယ စောဘရီ (၁၉၅၁) - အရပ်သား (ကျဆုံး) / အမှတ်(၂) ခြေမြန်တပ်မဟာဌာနချုပ် (တွဲဖက်)
(၆) အောင်ဆန်းသူရိယ စွပ်ဗဟာဒူးရိုင်း (၁၉၅၀) - တပ်သား (ကျဆုံး) / အမှတ်(၄)ခြေလျင်တပ်ရင်း
(၁) အောင်ဆန်းသူရိယ အေးချို
လူပုံကဖြူဖြူသေးသေး၊ ပျော်ပျော်နေတတ်သူတစ်ယောက်၊သို့သော် ပျော့ညံ့ညံ့လူတစ်ယောက်တော့မဟုတ်ခဲ့ပါ။
အမိနိုင်ငံအတွက် နောက်ဆုံးအသက်ထွက်ချိန်ထိစွန့် လွှတ်ပေးဆပ်ခဲ့သူတစ်ဦးအဖြစ်သူ၏သမိုင်းမော်ကွန်းကမ္ဗည်းကို မှတ်တမ်းတင်ကျန်ရစ်စေခဲ့သည်။ ဖြစ်စဉ်အကျဉ်းမှာ ၁၉၄၈ သြဂုတ်လအတွင်း ကွန်မြူနစ်တပ်များသည်
အင်အားအလုံးအရင်းဖြင့် ရန်ကုန်မြို့ကိုတိုက်ခိုက်သိမ်းပိုက်ရန်အတွက် ပြည်-ရန်ကုန်ကားလမ်းအတိုင်း ချီတက်လာရာ၁၉-၄-၄၈ ည ၁၉း၀၀ နာရီခန့်အချိန် နတ္တလင်းမြို့အနီးရှိဖိုးသာအောင်ကုန်း တံတားတဘက်သို့အရောက်တွင်နတ္တလင်းတွင်တပ်စွဲထားသောပြည်ထောင်စုစစ်ရဲတပ်ရင်း (၂၁)၏ တပ်ရင်းမှူးဗိုလ်မှူးအေးချိုသည် အင်အားအဆမတန်များပြားသောရန်သူတို့အား မိမိအသက်ကိုပဓာနမထားပဲ ရွပ်ရွပ်ချွံချွံခုခံတိုက်ခိုက်ခဲ့သည်။ ရန်သူအင်အားတစ်ထောင်ကျော်မျှရှိသော်လည်း ဗိုလ်မှုးအေးချို ဦးစီးသည့် ပြည်ထောင်စုစစ်ရဲတပ်ရင်း (၂၁)၏ ခုခံတိုက်ခိုက်မှုကို ထိုးဖောက်နိုင်ခြင်းမရှိပေ။ဗိုလ်မှုးအေးချို ၏အမိန့် ကပြတ်သားသည်။
" ငါတို့ ဒီတံတားက ဆုတ်ခွာချိန်ဟာ ငါတို့ အသက်ခန္ဓာမဲ့ပြီးအချိန်ဖြစ်ရမယ် " တဲ့။
ဗကပတပ်များ ဖိုးသာအောင် တံတားကိုသိမ်းပိုက်ခွင့်မရခဲ့ပါ။ တပ်မတော်၏့ စွန့် လွှတ်စွန့်စားစွာ ခုခံမှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပါသည်။သို့သော်.....တံတားမှုးဗိုလ်မှုးအေးချိုတစ်ယောက်ကတော့ စက်လက်ကိုပိုက်လျက်နိုင်ငံတော်အတွက်သူ၏အသက်ခန္ဓာကိုပေးဆပ်ခဲ့လေပြီ။ထို့ကြောင့်လည်း နိုင်ငံတော်၏ရဲစွမ်းသတ္တိဆိုင်ရာအမြင့်ဆုံးဖြစ်သော အောင်ဆန်းသူရိယဘွဲ့ကို
ပထမဆုံးချီးမြှုင့်ခြင်းခံခဲ့ရသည်။
(၂) အောင်ဆန်းသူရိယ ဗိုလ်တိုက်ချွန်း(သို့ မဟုတ်) အာဂလူ
ချင်းတိုင်းရင်းသားတစ်ယောက်ဖြစ်သည့် သူ့တွင် ဘာမထီစိတ်ဓါတ်အပြည့်၇ှိသည်။ ဘယ်ရန်သူကိုမှ ထီမထင်တတ်သလိုစိတ်ဓါတ်ကလည်း ပြင်းပြသည်။ သေတွင်းထဲက ခဏခဏထွက်လာခဲ့သူတဦးဖြစ်သည့် ဗိုလ်တိုက်ချွန်းသည်ရေခဲတိုက်လည်း ရောက်ခဲ့ဘူးသည်။ သူ့ ကိုအများက သေရွာပြန်ဟု ချစ်စနိုးခေါ်ဝေါ်ကြသည်အထိ အသက်ပြင်းသူလည်းဖြစ်ပေသည်။ ဗိုလ်မှုးကြီးတစ်ဦးက ဗိုလ်တိုက်ချွန်းနှင့်ပတ်သက်၍ မှတ်ချင်ပေးဘူးသည်ကား....
ဗိုလ်တိုက်ချွန်းတို့ လိုလူတွေရှိခဲ့လို့ ငါတို့ ဗကပ ကိုနိုင်ခဲ့တာ ဟူသတည်း။
ဗိုလ်တိုက်ချွန်းအား အောင်ဆန်းသူရိယဗိုလ်တိုက်ချွန်းအဖြ သမိုင်းတွင်ရစ်စေခဲ့သည့် ဖြစ်စဉ်မှာ.......
၁၉၄၉ ခု ဧပြီလတွင်အင်းစိန်မြို့ကိုအခိုင်အမာစိုးမိုးထားသည့်ကေအင်ဒီအိုများအား ဗမာ့တပ်မတော်ကတိုက်ထုတ်ချေမှုန်းရာတွင်
၁၆-၄-၄၉ နေ့ နံနက်ပိုင်းတွင် အမှတ်(၁)ချင်းသေနတ်ကိုင်တပ်ရင်း စစ်မျက်နှာရှိ တပ်ခွဲတခွဲအား
ရန်သူတို့၏၀ိုင်းဝန်းပစ်ခတ်ခြင်းကိုခံနေခဲ့ရချိန်တွင် ရန်သူ၏အင်အား ပစ်အားများလွန်းမှုကြောင့် ချင်းသေနတ်ကိုင်တပ်ရင်း(၁)မလူးသာမလွန့် သာအခြေနေဆိုက်ရောက်နေခဲ့ချိန်တွင် ရန်သူ့ ကြားထဲသို့ ဘရင်းဂန်းတစ်လက်ဖြင့်ဝင်ပြီး မွှေနှောက်ပစ်ခတ်ကာ
ရန်သူ့ အရေးကြီးနေရာများသို့ လက်ပစ်ဗုံးဖြင့် ရဲဝံ့ပြောင်မြောက်စွာ ၀င်လုံးခဲ့သူတစ်ယောက်ကို ထိုအချိန်ကတွေ့မြင်ခဲ့ကြရလေသည်။
ထိုသူကား ဗိုလ်တိုက်ချွန်းပင် ဖြစ်လေတော့သည်။ ထိုတိုက်ပွဲတွင် ဗိုလ်တိုက်ချွန်း၏ရဲဝံ့ပြီး စွန့် လွှတ်စွန့် စားကာ ပေးဆပ်မှုကြောင့်
ရန်သူတပ်များ အထိနာပြီးဆုတ်ခွာခဲ့ခြင်းဖြစ်သည့်အတွက် နိုင်ငံတော်က အောင်ဆန်းသူရိယ ဘွဲ့ တံဆိပ်ချီးမြှင့်ခဲ့ပါသည်။
(၃) အောင်ဆန်းသူရိယ လှသောင်း
လူပုံကဖြူဖြူသွယ်သွယ် အရပ်ရှည်ရှည်။ စိတ်သဘောထားအလွန်ကောင်းသည့် တပ်သားလေးတစ်ယောက်ပင်။ သူ၏စိတ်ဓါတ်ကတော့
အံ့မခန်းလေးစားလောက်ပေသည်။ အများအတွက် သူတစ်ယောက်သာအသေခံမည် ဟူသော အနစ်နာခံလိုသည့် စိတ်ဓါတ်အပြည့်အဝရှိသည်။
ဖြစ်စဉ်အကျဉ်းမှာ ၁၉၄၉ ခု ဧပြီလ ၂၈ရက်နေ့မနက် ၀၃၀၀ နာရီတွင် ဒိုက်ဦးစစ်မျက်နာတွင် အင်အားအဆမတန် များပြားသောကေအင်(န)ဒီအိုများက အမှတ်(၃)ဗမာ့သေနတ်ကိုင်တပ်ရင်း ကွပ်ကဲမှုဌာနချုပ်ကိုဝိုင်းဝန်းတိုက်ခိုက်ရာ အင်အားမတန်တဆ ကွာဟလွန်းသည်ကတစ်ကြောင်း၊ ပစ်အားများလွန်းသည်ကတစ်ကြောင်း ကြောင့် မြန်မာ့တပ်မတော် ဆုတ်ခွာပေးခဲ့ရပါသည်။ အောင်မြင်စွာ ဆုတ်ခွာနိုင်ရေးအတွက်ဟန့် စစ်ဆင်ရန်
လိုအပ်သော်လည်း မိမိဘက်က ဒဏ်ရာရစာရင်းမှာများလွန်းသောကြောင့် ဟန့် စစ်ဆင်ရန်အတွက် တပ်စိတ်ပင် ထုတ်နှုတ်မရနိုင်သည့်အခြေအနေတွင်
တပ်သားလှသောင်းသည် မိမိရဲဘော်ရဲဘက်များ အားလုံးဆုတ်ခွာနိုင်ရေးအတွက် ဘရင်းဂန်းတစ်လက်ဖြင့် စခန်းတွင် ကျည်တစ်တောင့်လူတစ်ယောက်
ကျန်သည်အထိ သူတစ်ဦးတည်းနောက်ချန်ကာ ရန်သူအား ဟန့်စစ်ဆင် ခုခံပစ်ပေးခဲ့ပါသည်။ ထို့ကြောင့်လည်းမိမိတပ်သည် အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့လေသည်။
သို့ရာတွင် တပ်သားလှသောင်းကတော့ စခန်းထိပ်ကဘန်ကာအတွင်းဝယ် ဘရင်းဂန်းတစ်လက်ကို ကျစ်ကျစ်ပါအောင်ဆုတ်ရင်း တပ်မတော်သားတို့၏
သတ္တိနှင့်သစ္စာကို ပြသ သွားခဲ့ပါသည်။ ထို့ကြောင့်တပ်သားလှသောင်းကို နိုင်ငံတော်က သူရသတ္တိဆိုင်ရာ အမြင့်ဆုံးဘွဲ့ တံဆိပ်ဖြစ်သည့်
အောင်ဆန်းသူရိယဘွဲ့ ကိုချီးမြှင့်ဂုဏ်ပြုခဲ့ပါသည်။
(၄) အောင်ဆန်းသူရိယ စောမြင့်
ကရင်လူမျိုးတစ်ဦးဖြစ်ပြီး စကားနည်းသည် ။ အလုပ်နှင့်သာ သက်သေပြတတ်သော ရဲဘော်တစ်ဦးဖြစ်ကာ စစ်တိုက်လည်းတော်သည်။
အမိန့် နာခံမှုကောင်းပြီး စိတ်ဓါတ်ပြင်းပြသည်။ ထို့ကြောင့်လည်း သူ့ ကို သံတောင်မြို့နယ်၊ ရေသိုးကြီးရွာတွင် ကေအင်ဒီအိုများ၏ ဖမ်းဆီးခြင်း ခံနေရသော ဗိုလ်မှူးကြီးမောင်မောင်နှင့် အဖွဲ့အား ကယ်ထုတ်ရန်အတွက် အရပ်သားစောဘရီနှင့်အတူ သွားရောက်ကယ်တင်ရန်အတွက် ကွန်မန်ဒိုအဖြစ်ရွေးချယ်တာဝန်ပေးခဲ့သည်။ တပ်သားစောမြင့်နှင့်အဖွဲ့သည် (၂၈.၆.၅၁)ရက်နေ့ညတွင် အခက်အခဲမျိုးစုံတို့အားကျော်ဖြတ်ကာ ဗိုလ်မှူးကြီးမောင်မောင်တို့အား ချုပ်ထားသော အချုပ်ခန်းအား ၀င်ရောက်စီးနင်းလျက် အောင်မြင်စွာကယ်ထုတ်ခဲ့သည်။ ယင်းသို့ ကယ်ထုတ်စဉ် ရန်သူတို့၏ ပြင်းထန်စွာ ၀ိုင်းဝန်းပစ်ခတ်မှုကြောင့် ခြေထောက်တွင် ဒဏ်ရာရရှိလဲကျသွားခဲ့သော်လည်း မိမိဒဏ်ရာကို ဂရုမထားပဲ ဗိုလ်မှူးကြီးမောင်မောင်နှင့်အဖွဲ့ကို
ဘေးကင်းရာသို့ ရောက်ရှိသည့်တိုင် ရန်သူများကို ကျည်ကုန်သည်အထိ ပစ်ခတ်ပြီးနောက် မိမိအတွက် ၀န်မလေးစေရန် ကျန်ရှိသည့် လက်ပစ်ဗုံးဖြင့် အသက်ကိုစတေးကာ နိုင်ငံတော်အတွက် အသက်ကိုပေးလှူခဲ့သူဖြစ်သည်။ ရည်မှန်းချက်ကိုအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သူသာမက စွန့် လွှတ်စွန့် စားသောစိတ်ဓါတ်ကိုပါပြသခဲ့သော တပ်သားစောမြင့်ကို နိုင်ငံတော်က အောင်ဆန်းသူရိယ ဘွဲ့ ချီးမြှင့်ခဲ့လေသည်။
(၅) အောင်ဆန်းသူရိယ စောဘရီ
ကရင်လူမျိုးတစ်ယောက်ဖြစ်သည်။ သတ္တိရှိပြီး အမဲလိုက်ကောင်းသူတဦးအဖြစ် နာမည်ကြီးသည်။ စိတ်ဓါတ်ပြတ်သားပြီး ရဲရင့်သူတဦးဖြစ်ကာ
မြန်မာနိုင်ငံ၏ သူရသတ္တိဆိုင်ရာ အမြင့်ဆုံးဘွဲ့ တံဆိပ်ဖြစ်သော အောင်ဆန်းသူရိယဘွဲ့ ကို တစ်ဦးတည်းသော အရပ်သားအဖြစ် ရယူခဲ့သူဖြစ်ပေသည်။ ဖြစ်စဉ်မှာ
စောဘရီသည် သံတောင်မြို့နယ်၊ ရေသိုးကြီးရွာတွင် ကေအင်ဒီအိုများ၏ ဖမ်းဆီးခြင်း ခံနေရသော ဗိုလ်မှူးကြီးမောင်မောင်နှင့် အဖွဲ့အား ကယ်ထုတ်ရန်
တပ်သားစောမြင့်နှင့်အတူ (၈.၆.၅၁)နေ့တွင် သွားရောက်ပြီး ဗိုလ်မှူးကြီးမောင်မောင်နဲ့ အဆက်အသွယ်ယူခဲ့ကာ (၂၄.၆.၅၁)တွင် ရန်သူ့နယ်မြေအတွင်း ထပ်မံဝင်ရောက်နိုင်ခဲ့သည်။ စောဘရီဦးဆောင်သော အဖွဲ့သည် (၂၈.၆.၅၁)ရက်နေ့ညတွင် အခက်အခဲမျိုးစုံတို့အားကျော်ဖြတ်ကာ ဗိုလ်မှူးကြီးမောင်မောင်တို့အား
ချုပ်နှောင်ထားသော အချုပ်ခန်းအား ၀င်ရောက်စီးနင်းလျက် အောင်မြင်စွာကယ်ထုတ်ခဲ့သည်။ ထိုသို့ကယ်ထုတ်သွားသည်ကို သိရှိသည့် ရန်သူတပ်များက သူတို့ နောက်သို့ ထပ်ကြပ်မခွာလိုက်လံတိုက်ခိုက်မည်ကို ခန့်မှန်းသိရှိသဖြင့် ဗိုလ်မှုးကြီးမောင်မောင်နဲ့  သူ့ အဖွဲ့များကို အရင်ဆုံး ဘေးအန္တရာယ်ကင်းရှင်းရာသို့ ဆုတ်ခွာစေပြီး
သူတစ်ဦးတည်း စခန်းထိပ်မှာကျန်ခဲ့ကာ ကျည်ကုန်သည်အထိ ခုခံပစ်ခတ်ရင်းတိုင်းပြည်အတွက် အသက်ပေးလှုခဲ့လေသည်။ ထို့ကြောင့် စောဘရီကို နိုင်ငံတော်က အောင်ဆန်းသူရိယဘွဲ့ ချီးမြှင့်ခဲ့လေသည်။
(၆) အောင်ဆန်းသူရိယ စွပ်ဗဟာဒူးရိုင်း
သူ၏ လုပ်ရည်ကိုင်ရည်၊ ဖြတ်ထိုးဥာဏ်နှင့်ရဲစွမ်းသတ္တိသည် မြန်မာတင်မက ကမ္ဘာမှာပါစံတင်လောက်ပေသည်။
စွပ်ဗဟာဒူးရိုင်းဟုဆိုသည်နှင့် ရန်သူတစ်ရာကျော်အလောင်းများ၏ အလယ်တွင် ဘရင်းဂန်း
ကိုင်ပြီးကျဆုံးနေသည့် စစ်သူကြီးတစ်ဦးအဖြစ်သာမြင်ယောင်မိပါတော့သည်။ အမှန်စင်စစ်တော့သူသည်
စစ်သူကြီးတဦးမဟုတ်ခဲ့သလို အရာရှိတစ်ယောက်လည်းမဟုတ်ခဲ့ပါဘူး။ မြန်မာ့တပ်မတော်မှ
သာမာန်ရဲဘော်လေးတစ်ယောက်သာ။
ဖြစ်စဉ်မှာ ၁၉၅၀ ခု ဇွန် ၁၇၊၁၈ ရက်တို့တွင် အမှတ်(၄)ခြေလျင်တပ်ရင်း၏ (ဃ)တပ်ခွဲသည်
ရှမ်းပြည်တောင်ပိုင်း တာလေမှပန်ခီသို့ချီတက်စဉ် အင်အားအဆမတန်များပြားသော ရန်သူတရုတ်ဖြူ
သောင်းကျန်းသူ များနှင့်တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ ရန်သူမှ အလစ်အငိုက်ချုံခိုတိုက်ခိုက်ခဲ့သည့်
အတွက် မိမိတပ်မှ ပါလာသည့် စစ်ကားခုနှစ်စီးပေါ်ရှိ စစ်သည်အားလုံးနီးပါးကျဆုံးခဲ့ရသည်။ ထိုအချိန်၊
ထိုအခြေအနေဝယ် အသက်ရှင်ကျန်သူတဦးမှာ စွတ်ဗဟာဒူးရိုင်းပင်ဖြစ်လေတော့သည်။ သူသာကျဆုံးခဲ့ပါလျှင်
တပ်မတော်ပိုင်ရိက္ခာ၊ ယာဉ်၊ လက်နက်များအားလုံး ၇န်သူ့ လက်အတွင်းသို့ ကျရောက်မည်မှာ မလွဲဧကန်ပင်။
အင်အားခြင်း မမျှသည့် ရန်သူအား ပြန်တိုက်ခိုက်လျှင်လည်း နိုင်ရန်ရာခိုင်နှုန်း နည်းလွန်းလှသည်။
ထွက်ပြေးလျှင် အသက်ဘေးမှ လွတ်မြောက်နိုင်သော်ငြားလည်း သူ၏ ဆုံးဖြတ်ချက်က ပြတ်သားလွန်းလှသည်။
သူသေမှ တပ်ပိုင် ယာဉ်၊ ရိက္ခာ၊ လက်နက်များကို ရန်သူတို့ ရစေ့မည် ဟု သန္နိဌာန်ချကာ ကားပေါ်တွင် ပါလာသောသေနတ်များကို အောက်သို့ ဆွဲချသည်။ ပြီးနောက် ထို သေနတ်များကိ ရင်ဘောင်တန်းဖြန့်ခင်းပြီးနောက်ဆက်သွယ်ရေးစက်ဖြင့် နောက်တန်းသို့ အကြောင်းကြားသည် ။ ပြီးသည်နှင့် သေနတ်များဖြန့်ခင်းထားရာနေရာ၏ တဖက်ထိပ်မှစပြီး သေနတ်ကိုပစ်လေတော့သည်။ သေနတ်ပစ်နေရင်းမှလည်း သူ၏နှုတ်မှ.....
" ဘယ်ဘက်ကပစ်ဟေ့" ဟု အော်ဟစ်ကာ ညာဘက်သို့ ပြေးပြန်သည်။ ထို့နောက် ညာဘက်သို့ ပြေးပြန်ကာ
" ညာဘက်ကပစ်ဟေ့" ဟူ၍ ထပ်မံအော်ဟစ်ပြီး အလယ်မှ လက်ပစ်ဗုံးထပ်ပစ်လေသည်။
" မြန်မာ့တပ်မတော်ကွ မင်းတို့ လူအင်အားလောက်တော့မမှုဘူး"
သူတစ်ဦးတည်း တောင်ပြေးလိုက် ပစ်လိုက်။ အော်လိုက်။ မြောက်ပြေးလိုက် ပစ်လိုက်အော်လိုက်လုပ်ကာ တဖက်ရန်သူတပ်များအား
မိမိတို့ထံတွင် ရန်သူအား ခုခံတိုက်ခိုက်ရန် အင်အားရှိနေသေးဟန်ဖြင့် စိတ်ဓါတ်ရေးရာအရပါ စစ်ကစားခဲ့လေသည်။ ရန်သူတပ်များသည်လည်း
မြန်မာ့တပ်မတော်မှာ အင်အားအမြောက်အများ ကျန်ရှိနေသေးသည်ဟု မှတ်ထင်ကာ အနီးကပ်ချေမှုန်းရန် မစွမ်းဆောင်နိုင်ခဲ့ပေ။
စွတ်ဗဟာဒူးရိုင်းသည် မမောနိုင်မပန်းနိုင် ပစ်လိုက်အော်လိုက်ပြုရင်းဖြင့် ဆဖက်ရန်သူများအား ဆက်လက်ရင်ဆိုင်တိုက်ခိုက်နေခဲ့လေသည်။
ရန်သူမှာလည်း စွတ်ဗဟာဒူးရိုင်းအား တက်ရောက်ချေမှုန်းနိုင်ရန် ရဲစွမ်းသတ္တိမရှိလေသောကြောင့် အကျဆုံးများနေချိန်ဝယ်
မြန်မာ့တပ်မတော်မှ စစ်ကူများရောက်လာခဲ့ပါတော့သည်။ သို့သော် တပ်သားစွတ်ဗဟာဒူးရိုင်းကတော့
ရန်သူတစ်ရာကျော်အလောင်းများ၏ အရှေ့တွင် ဘရင်းဂန်းသေနတ်ကို ကျစ်ကျစ်ပါအောင်ပိုက်လျက် ထရပ်ကားကိုမှီရင်း
ကျဆုံးနေခဲ့ပါပြီ။
နောက်ဆက်တွဲ ….
ကိုယ်ပိုင်အမှတ် ၀၁၉၁၄၊ ကျဆုံးရဲဘော် ဆပ်ဘဟား ဒူရွိုင်းသည် ကျဆုံးချိန်ထိ ပြည်ထောင်စုမြန်မာနိုင်ငံ၏
ဧည့်နိုင်ငံသား ကဒ်ပြားသော်လည်းကောင်း၊ နိုင်ငံသား ကဒ်ပြားသော် လည်းကောင်း မပိုင်ဆိုင်သည်ကို
တွေ့ရှိရကြောင်း တပ်မတော် မှတ်တမ်းဌါနမှ မှတ်ချက်ရေးထိုး ပေးပို့ခဲ့ပါသည်။
ထိုကြောင့် တပ်တွင်း အစိုးရပညာသင်ဌါနမှ တပ်မတော်အတွင်း ပညာဆက်လက် သင်ကြားဆဲ ဆဋ္ဌမတန်း
(ခြောက်တန်းကျောင်းသား) အဖြစ် လည်းကောင်း၊ နိုင်ငံသားကဒ်ပြား ရရှိရန် လျှောက်ထားဆဲဖြင့်လည်းကောင်း
ပြန်လည်ပေးပို့ခဲ့ပါသည်။
တပ်မှူးကြီးများ ညီလာခံနှင့် တပ်မတော် မှတ်တမ်းဌါန တို့က သုံးပါတီတပ်ပေါင်းစု သိမ်းယူထားသော
မဲနယ်တောင်ပေါ်သို့ ကွန်မန်ဒို ခုနှစ်ယောက်၊ အထမ်းသမား ငါးယောက်တို့ဖြင့် တက်ရောက် သိမ်းပိုက်ခဲ့သော
စစ်ဝန်ထမ်းတပ်မှ ဗိုလ်မှူးရဲချစ် အား ပထမဆုံး ချီးမြှင့်ခဲ့သော သီဟသူရ ဘွဲ့ တံဆိပ်သာ ရဲဘော်
ဆပ်ဘဟားဒူးရွိုင်းအား အပ်နှင်းရန် နိုင်ငံတော် သမ္မတကြီး မန်းဝင်းမောင် ထံတင်ပြ ခဲ့ကြသည်။
ထိုအချိန်မတိုင်မှီက နိုင်ငံတော်တွင် သီဟသူရ ဆုတံဆိပ်သည် အမြင့်မားဆုံး တံဆိပ် ဖြစ်သည်။ နိုင်ငံတော်သမ္မတကြီးမန်းဝင်းမောင်သည် တင်ပြချက်များကို ပယ်ချ၍ နိုင်ငံသား မှတ်ပုံတင်ကဒ်ပြားသော် လည်းကောင်း၊ ဧည့်နိုင်ငံသားမှတ်ပုံတင်ကဒ်ပြားသော် လည်းကောင်း မပိုင်ဆိုင်ခဲ့သည့်ကျဆုံးရဲဘော်ဆပ်ဘဟားဒူးရွိုင်းအား နိုင်ငံတော်၏အမြင့်မားဆုံးဖြစ်သော အောင်ဆန်းသူရိယ ဘွဲ့တံဆိပ်ကို အပ်နှင်းရန် ဆုံးဖြတ်ခဲ့ပါသည်။ကျန်ရစ်သူ မိသားစုအားလည်း နိုင်ငံသား ကဒ်ပြား အမြန်ဆုံးထုတ်ပေးရန် ညွှန်ကြားခဲ့ပါသည်။
စာကြွင်း။ ၊မှတ်တမ်းမှတ်ရာများ ချွတ်ချော်မှားယွင်းမှုရှိပါက ကျွန်တော်၏ ညံ့ဖျင်းမှုကြောင့်သာလျှင် ဖြစ်ပါကြောင်း။
ရေးသားသူ=Khant Linn Htet
Labels:
မြန်မာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment