ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Wednesday, October 16, 2013

ကိုယ့် ကိုကိုယ်ပြန်ကြည့်မိတဲ့ ကဗျာ


" ဒီကဗျာကို ကိုယ်ခေါင်းစဉ်ပေးတယ် "
********************************

တိုးတိုးလေး ကိုယ့်ရင်ဘတ်ထဲ
ကိုယ်ပြန်ဖုန်းခေါ်ကြည့်တော့
သူ့နာမည်လေးနဲ့   ကိုယ့်နှလုံးသားဟာ
အခုထိမအားသေးဘူးတဲ့ ၊

ကိုယ်က အရက်ကိုသောက်ပြီး
အရက်က ကိုယ့်ကို အဖုံးဖွင့်ပြီးမော့တယ် ၊
အရှိန်မပါဘဲ အဝေးကို လွင့်ခဲ့ပြီဘဲ
ရောက်တဲ့အရပ်မှာ ရအောင် ပြန်ပွင့်ပြမယ် ၊

ကိုယ့်ကန္ဒာရနဲ့ကိုယ် ပူပြင်းခဲ့ကြ
ကိုယ့် နေ နဲ့ ကိုယ် တောက်လောင်ခဲ့ကြ
ကြယ်တွေရေဖို့ကြတော့
ည , ချင်းတူချင်တယ်

ကိုယ်ရင်ဘတ်နဲ့ လွယ်မွေးခဲ့တဲ့
အပြာရောင် ရေခဲမီးတောက်လေးပါ
ဆောင်းဘယ်နှစ်မြို့တိုင်ခဲ့ပြီလဲ ...
၉၀ ဒီဂရီတည့်တည့်ကို
ကျည်ဆံထဲ အသံတွေထည့်လို့ ပစ်လွှတ်လိုက်
ပစ်မှတ်ရဲ့ အဆုံးမှာ သူမသိအောင် ဝင်ပုန်းလို့
မနက်ဖြန်ရော အိပ်မက်တွေအကျဆုံးများဦးမှာလား ....
ဒါဆိုရင်တော့
အဲ့ဒီနှင်းမြူပရပိုက်မှာ ကိုယ့်နာမည်ကို ဓားနဲ့ စိုက်လိုက်တော့ ၊

တကယ်ဆို
ကိုယ့်နှလုံးသားကို
ကိုယ်ပြန်လိမ်တာလောက်
ဘယ်ဒုစရိုကမှုမှ ပိုမကြီးခဲ့ဘူးလေ ၊
သူ့မျက်ဝန်းက အကြည့်လေး
တစ်ဖြောက်နှစ်ဖြောက်ကြွေကျရုံနဲ့
ကိုယ်က တစ်ရာသီလုံး မတိတ်တော့ဘူး ၊

နာကျင်မှုဆိုတာ
သူ စိတ်လိုလက်ရပေးတဲ့ လက်ဆောင်ပေါ့
လျော့သွားမှာစိုးတဲ့ စိတ်နဲ့
ကိုယ့်မှာ ခဏခဏ ထုတ်မနာရက်ဘူး ၊
သတိရလာတိုင်း
အမှတ်တရ ထုတ်ထုတ်လွမ်းတတ်တာကလွဲလို့
သူ့ဓာတ်ပုံလေးကိုတောင်
စိတ်နဲ့ဘဲ ခိုးခိုးကြည့်တယ် ၊

ဒီတစ်ခါ နွေဦးရောက်လို့
သစ်ရွက်တွေထက် အရင်စောကြွေနေတာတွေ့ရင်
အဲ့ဒါ ကိုယ် ဘဲ ၊
ဒီလိုနဲ့ဘဲ
သူ့အပေါ်ထားတဲ့
ကိုယ့်ရဲ့ဆုတောင်းဟာ
သူ့ဖိနပ်သဲကြိုးပေါ်က
အဝတ်စပန်းပွင့်လေးဖြစ်ခွင့်မှာ
စိတ်ကူးတွေရိုင်းတယ်ထင်လို့

အိပ်မက်မှာ တွေ့တာတောင်
ချစ်တယ်လို့မပြောရက် ခဲ့ဘူး
သူကြောင့်မက်တဲ့ အိပ်မက်လေး ညစ်ပတ်မှာစိုးခဲ့တယ် ၊
ကိုယ်ကတော့ အားသွန်ခွန်စိုက်စီးဆင်းပစ်ခဲ့တာဘဲ
ပင်လယ်ဆီ ပန်းဝင်ဖို့ ဝေးလွန်းတယ်
ငါဟာ မြစ်ကျိုးအင်း ပေါ့ ၊

သူက ဖျားတိုင်း ကိုယ်က အပူတွေတက်လို့
ကိုယ်က ဆေးသောက်သလောက်
သူ့ကို ပျောက်စေချင်တဲ့ တယ်လီပယ်သီကုထုံးနဲ့ ၊
သူ မျက်မှောင် တစ်ချက်အကျူံ့မှာ
ကိုယ့်လက်ဖဝါးထဲ ဒေါသဟာ မီးထတောက်လို့
လောကကို မီးပွင့်မတတ်ထိုးသတ်ချင်တယ်
စိတ်သွားတိုင်းကိုယ်မပါဘူးဆိုတဲ့ စကားကို
အဲ့ဒီအခါက စိတ်အနာဆုံးဘဲ .... ။ ။




October 8.2013


2 comments:

  1. တာရာမင်းဝေ အရိပ်တွေချည်းပဲ ကဗျာတစ်ပုဒ်လုံး
    LoL ……

    ReplyDelete

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်