ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Sunday, September 22, 2013

ကျည်ဆံ



ကျည်ဆံ.....
..ခင်ဗျားအလုပ်က
လက်ညိုးလေးကွေးညှစ်လိုက်ရုံ
သည်တော့
ကျည်ဆံဟာ ရှေ့တည့်တည့်ကိုပဲသွားတယ်
ကျည်ဆံဟာ ဘယ်တော့မှ နောက်ကြောင်းပြန်မလှည့်ဘူး

ကျည်ဆံဟာ သွေးညှီနံ့နဲ့ ပျော်ပါးတတ်သူဆိုတော့
ဒဏ်ရာအနာတရတွေနဲ့ အိုင်တွေ့တိုင်းခြေဆေးလို့
ကျည်ဆံဟာ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတော့
မိတကွဲ ဖတကွဲ ဆိုတာကို မသိဘူး
မိမဲ့ဖမဲ့ ဆိုတာကို မခံစားတတ်ဘူး
ကျည်ဆံဟာ အတ္တကိုယ်ထည်နဲ့  စိတ်ကြီးဝင်နေတဲ့ တလွဲဆံပင်
ကျည်ဆံဟာ နယ်စည်းမခြားဘူး
နိုင်ငံသားဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ
တိုင်းရင်းသားဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ
လူမျိုးဘာသာမရွေး အစစ်အဆေးအမေးအမြန်းမရှိ
သေခြင်းတရားဆိုတာကြီးကို ဖောဖောသီသီ ထုတ်ပေးနေတဲ့မှတ်ပုံတင်
ကျည်ဆံဟာ အသိဥာဏ်နုံနဲ့ ပညာမဲ့သူဆိုတော့ စာသင်ခန်းကို မသိဘူး

ကကြီး ခခွေးကို ပျက်ရယ်ပြုလို့
ကျောင်းသင်ရိုးကို သွေးနဲ့ရေးလို့
ကလေးကစားကွင်းတွေကို ရိုင်းရိုင်းစိုင်းစိုင်းတွန်းလှဲလို့
ကျည်ဆံဟာ ဆေးပြင်းလိပ်ကို ဟန်ပါပါခဲပြီး
စစ်ရိပ်စစ်ငွေ့တွေကို စိမ်းလန်းသစ်တောကြီးတွေဆီ မှုတ်ထုတ်လို့
ကြမ်းကြုတ်ဖွယ်သားရဲတို့ အငွေ့အသက်နဲ့ တောကိုနက်စေခဲ့ပြီ
တောင်ကိုပြုန်းစေခဲ့ပြီ ရွာကိုသုန်းစေခဲ့ပြီ
ကျည်ဆံဟာ ရှေ့ကိုတည့်တည့်သွားနေတုန်းပဲ
ကျည်ဆံဟာ ဘာသာတရားအဆုံးအမနဲ့ ဝေးကွာခဲ့ရတော့
ကံ ကံရဲ့အကျိုးကို မသိဘူး
လူကျင့်ဝတ်ကို မစောင့်စည်းတတ်ဘူး
လောကနီတိကို နားမလည်ဘူး
ကျည်ဆံဟာ လိမ်တယ်
မာယာနဲ့ကျည်ဆံဟာ ပြုံးတယ်
ဓါးကိုဝှက်ပြီးကျည်ဆံဟာ ဆွေးနွေးညှိနှိုင်းတယ်
မတည်တဲ့ ကတိတွေနဲ့
ကျည်ဆံဟာ ဘုန်းတော်ဘွဲ့ပတ်ပျိုးနဲ့
ဘီလူးဆိုင်းတီးလို့
ကျည်ဆံဟာ ရင်ဘတ်ကြီးပေါ်
ဘုတ် ကျီးမြှောက် ကျီး ဘုတ်မြှောက်တံဆိပ်တွေ ရောင်စုံကပ်လို့
ကျည်ဆံဟာ အိမ်ကြက်ခြင်း အိုးမဲသုတ်ခွပ်တဲ့ပွဲမှာ
သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ကြီး လည်မှာချိတ်လို့
ကျည်ဆံဟာ ငြိမ်းချမ်းရေးညစာစားပွဲဆိုပြီး
အကြံကုန် ဂဋုန်ဆားချက်လို့
ကျည်ဆံဟာ သတင်းစာရှင်းလင်းပွဲလုပ်တယ်

ရိုးသားတဲ့စံပယ်ပွင့်လေးလို မခုတ်တတ်တဲ့ကြောင်လေးလို ဓါတ်ပုံအရိုက်ခံပြီး
ကျည်ဆံဟာ သဘောကောင်းတယ် သေသူကိုအားပေးစကားပြောလို့
ကျည်ဆံဟာ အလှုအတန်းမှာ လက်ဖွာတယ်
ရွာကိုမီးရှို့ပြီး ဒုက္ခသည်စခန်းဆောက်ပေးတယ်
ကျည်ဆံဟာ ဈေးလည်းကြီးတယ် လူ့အသက်ထက်တန်ဖိုးကြီးတာဘာမှမရှိဘူးဆိုတော့
တိုင်းပြည်မှာ သူ့အသုံးစရိတ်က အမြင့်ဆုံးပဲ
ထားပါတော့ ကျည်ဆံအကြောင်း
ဆက်ပြောနေလည်း မီးပဲပွင့်မယ် မီးကတော့မငြိမ်းဘူး

ကျည်ဆံဟာ ကျည်ဆန်ဖြစ်တဲ့အလျောက်
ရှေ့တည့်တည့်ကိုပဲသွားမှာ
ကျည်ဆံဟာ ဘယ်တော့မှ နောက်ကြောင်းပြန်မလှည့်ဘူးဆိုပေမယ့်
သံသရာဆိုတာ တစ်ပတ်လည်တယ်
ကွေးညှစ်လိုက်တဲ့လက်ညှိုးလေးလို
တစ်နေ့နေ့ ခင်ဗျားဆီပြန်လှည့်မလာရဘူးလို့
ဖွဲ့စည်းပုံမှာ ခင်ဗျားထည့်ထားသေးသလား ကျည်ဆံ  ။    ။


မိုးရင့်ကြယ် https://www.facebook.com/moeyintkyel

လေလွင့်နေတဲ့လူ  -
နှစ်သက်မိသော ကဗျာ တစ်ပုဒ်

No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်