Friday, September 13, 2013
ပျောက်ဆုံးခြင်း
(၁)
ပုံကြမ်းကောက်ထားတဲ့ ဘဝ
မျှော်လင့်သလို ဖြစ်မလာဘူး
အရောင်ဖျော့ စိတ်ဓါတ်တွေ နဲ့
ပျက်လုလု အကျင့်တွေ
ယိုင်နဲ့နဲ့ ကင်းဗတ်စ် စပေါ်မှာ
လဲ မကျအောင် အားတင်းထားရတယ် ။
(၂)
မီးထွန်းထားပေမယ့် မလင်းတဲ့အခန်းထဲ
မီးခိုးငွေ့ တချို့ လွင့်ပျံ့တယ်
မွန်းကျပ်တဲ့ သက်ပြင်းတချို့ နဲ့
ည က နေ့ လိုပူတယ် ။
(၃)
နေ အလင်းကို မျက်ကွယ်ပြု
ည ရောက်ဖို့ ဆုတောင်းနေသလို
ကိုယ်ရွေးချယ်တဲ့လမ်း
ဘာကြောင့် ကွေ့ဝိုက် နေရပါလိမ့် ?
(၄)
ပြန်မရနိုင်တဲ့ အတွေးနဲ့
ခပ်ရေးရေး အနာဂတ်ကို လှမ်းမျှော်
ဘာမှ မရေရာတာ သေချာသိနေတော့
ဝမ်းနည်းမိသလိုလို ----
(၅)
စင်းလုံးမချောတဲ့ ဘ၀မှာ
ဘာတွေကိုများ အဆင်ပြေချင်နေသေးပါလိမ့် !!
လောဘကြီးလွန်းရာ မရောက်ဘူးလား
ကိုယ်တောင်မပိုင်တဲ့ ကြမ္မာ
ဘယ်သူကများ ဆေးခြယ်ပေးလိမ့် မလဲ------------
(၆)
အချိန်မှန် လည်ပတ်နေတဲ့ ဘ၀ရဟတ်ထဲ
ယက်ကန် ယက်ကန် စီးဆင်းရင်း
ကုန်သွားတဲ့ အချိန်တွေကို
ပလိုင်းနဲ့ လိုက်ကောက်ချင်မိတယ် ။
(၇)
ဝေးကွာတဲ့ အလှတရား
ခါးသက်တဲ့ ခံစားမှုပဲ ပေးတယ်
ကြယ်တွေ ကြွေနေတယ်
တခါမှ ဆုမတောင်းမိဘူး
မပြည့်ဖူးတဲ့ ဆုတခုအတွက်
ပါးစပ်အညောင်းမခံတော့ပါဘူးလေ---------
(၈)
မြူဆိုင်းတဲ့ နေ့ တနေ့ မြင်မိပြန်တော့
ခပ်ဝါးဝါး အတိတ်က စိတ် ကို လာလာ ဆွ တယ်
နာကျင်မှု များများ ပျော်စရာပါးပါး နဲ့ အတိတ်
ခါချ ပေမယ့် ကွာမကျ ပေဘူး ------
(၉)
သေဆုံးခြင်းများစွာနဲ့ ကျန်ခဲ့တာ အသက် ပဲ ရှိတယ်
ကျဆုံးလေပြီးသော စိတ်ဓါတ်ကို
ခပ်ယဲ့ယဲ့ ခန္ဓာက အလေးမပြုနိုင်တော့ဘူး
အသိအမှတ်ပြုတဲ့ သဘောနဲ့ ယိုင်နဲ့နဲ့ ခန္ဓာ ကို "မတ်"
အော်------------
ပြုတ်ကျ ပြန်ပါပြီ လက်ကျန် စိတ်ဓာတ် ----------
ဝိဥာဉ်ကောင် မထွက်မချင်း
နှိပ်စက် ခံရဦးမဟဲ့
တွေးတိုင်းမျက်ရည်ကျ ဒါလားဟယ် ----- လူ့ဘ၀ ။
(၁၀)
ခြားနားတဲ့ အတွေးတွေ ကြားမှာ
အချင်းချင်း မြှောက်လိုက် စားလိုက် နဲ့
ညီမျှခြင်းတွေ ထွက်မလာခဲ့ဘူး
သူလို ငါလို လူ ထဲမှာ
သူမတူ ငါမတူ လူ
ဘယ်သူ ဖြစ်နိုင်မလဲ?
(၁၁)
ရေးပြထားတဲ့ အဘိဓာန်တွေ
သက္ကရာဇ် တိုက်စားတဲ့ ခေတ်ကာလ ထဲမှာ
ဘာမှ အသုံးမ၀င်ဘူးတဲ့လား
အကြောင်းပြချက် မခိုင်လုံလည်း
အဘိဓာန် က အဘိဓာန်ပဲ ။
(၁၂)
ဆူညံသံတွေ ကြားထဲမှာ ရင်ခုန်သံ မပါလာဘူး
ဘ၀ တခုလုံးလည်း နားပူနေပါပြီ
"ရော့ " "အင့်" အပေးအယူတွေ ကြမ်းလှချည့်
သံစုံ ဘ၀ ထဲမှာ တီးလုံးသံက မချိုမြဘူး ။
(၁၃)
နာရီ နဲ့ အမျှ မွန်းကြပ်နေတဲ့ လောကကြီးလည်း
မီးခိုးငွေ့ တွေ နဲ့ ပြည့်နှက်နေပြီ
အတွေးတွေ ညပ်နေတဲ့ ဒီအခန်းထဲ
ဘယ်အတွေး တစကများ အထောက်အကူ ဖြစ်စေခဲ့ပါလိမ့် -----------
(၁၄)
ရှည်လျားတဲ့ နေ့တွေထဲ
ဘာကြောင့်များ အနာဂတ်တွေ မည်းမှောင် နေပါလိမ့်
ပျောက်နေတဲ့ လမင်း နေရာမှာ
တိုင်ကပ်နာရီ တစ်လုံး အစားထိုး လိုက်တယ် ။
(၁၅)
ကန့်သတ် ထားတဲ့ ကမ္ဘာထဲမှာ
ကန့်သတ် မထားတဲ့ လူတွေ ဘယ်လောက်များနေပြီလဲ
မြိုသိပ်ခြင်းများစွာ နဲ့ နှုတ်ဆိတ်နေသူတွေ
မွန်းကျပ်ခြင်းများစွာ နဲ့ အော်ဟစ်နေသူတွေ
တုန်လှုပ်ခြင်းများစွာ နဲ့ ရပ်တန့်နေသူတွေ
ကြောက်ရွံ့ခြင်းများစွာ နဲ့ တည်ငြိမ်နေသူတွေ
ရဲရင့်ခြင်းများစွာ နဲ့ သွေးပျက်နေသူတွေ
ငါကရော---------
ဘယ်နေရာမှာ ပျောက်ဆုံးခဲ့ပါလိမ့် ။ ။
Thaepon
http://poemgarland.blogspot.com
Labels:
ကဗျာရနံ၊ခံစားချက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment